ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဘာရပ်ဆိုင်ရာဆွေးနွေးပွဲတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဘာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်တွန်းအားပေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပွဲများ၊ သုံးသပ်ချက်၊ အကြံပြုချက်များဖော်ထုတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျရှုံးမှုများသည့်ဘာသာရပ်များအားအားဖြည့်သင်ကြားနိုင်ရေး၊ အောင်ချက်မြင့်မားရေးနှင့် သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် သင်ကြားသည့် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်ဆွေးနွေးပွဲကို ခရိုင်များအလိုက်ပြုလုပ်ခဲ့ပါကြောင်း၊ တက္ကသိုဝင်တန်း အကြိုစာမေးပွဲ ပထမအကြိမ် ဖြေဆိုခဲ့ပြီးဖြစ်၍ ကျောင်းသားကျောင်းသူများ၏ အားနည်းချက်အားသာချက်များအလိုက် ပိုမိုဖြည့်ဆည်းသင်ကြားပေးရန်လိုပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခြင်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဘက်စုံပညာရေးစနစ်အား အကောင်အထည်ဖော်နိုင်ရန် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်နိုင်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်နေပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေး ဆရာ၊ ဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြစေလိုကြောင်းနှင့် ယခုဆွေးနွေးပွဲမှ အချက်အလက်များအားသေချာစွာ လေ့လာမှတ်သားပြီး ကျောင်းသားကျောင်းသူများအား ထိထိရောက်ရောက်သင်ကြားပေးကြရန် " အမှာစကားပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲကို Grade-12 သင် အထက်တန်းပြ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြပြီး ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက ပုသိမ်မြို့၊ အထက(၁)၊ အထက(၂)၊ အထက(၅)၊ ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမနှင့် Theatre(1) တို့ တွင် ဘာသာရပ်များအလိုက် ပထမအကြိမ်အဖြစ်ဆွေးနွေးသွားကြမည်ဖြစ် ကြောင်းသိရသည်။

06-Dec-2025