ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးတို့ ဒီဇင်ဘာလူထုအားကစားလ ပထမပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ
ပုသိမ် ဒီဇင်ဘာ ၆
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness Dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ပထမပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၄၈၀၀) ကျော်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများအား စက်ဘီး၊ မတ်တပ်ပန်ကာ၊ နာရီကြီး၊ ထီးအကြီး၊ ဒယ်နီ၊ Track Suit ၊ တီရှပ်၊ ဘောလုံး၊ ဘော်လီဘောလုံး၊ ခြင်းလုံးများကို ပထမအကြိမ်အဖြစ် ကံစမ်းမဲဖောက်ပေးခဲ့ကာ မဲပေါက်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးတို့ကဆုများပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ စတုတ္ထပတ်တွင်လည်း အလားတူ ဒုတိယအကြိမ်အဖြစ် ကံစမ်းမဲဖောက်ပေးသွားမည်ကြောင်းသိရသည်။ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်လည်း ဒီဇင်ဘာလူထုအားကစားလ ပထမပတ်စုပေါင်းလမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ကတပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness Dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။