ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၅

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ( နိုဝင်ဘာ ၂၅ ) ရက်နေ့မှစပြီး လူ့အခွင့်အရေးနေ့ ( ဒီဇင်ဘာ ၁၀ ) ရက်နေ့အထိ ကာလဖြစ်ပါကြောင်း၊ ကျား၊ မ ဖြစ်ခြင်းကို အခြေခံပြီးဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ ပပျောက်စေရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း မီးမောင်းထိုးပြသရန်အတွက် (၁၉၉၁) ခုနှစ်တွင်ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးခေါင်းဆောင်မှုဗဟိုဌာနက နိုင်ငံတကာလှုပ်ရှားမှုအသွင်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုသည် ကမ္ဘာ့နိုင်ငံအားလုံးတွင်ရှိသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် သတိပေးနေခြင်းဖြစ်ပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်စေရေးနှင့် စပ်လျဉ်းပြီး နိုင်ငံတကာနှင့် ပြည်သူများက အလေးထား ဆောင်ရွက်နေကြောင်းကိုပြသရန်အတွက်လှုံ့ဆော်ပေးခြင်းလဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်ကစတင် ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း လက်ဆင့်ကမ်းလာသည့် လူမှုရေးစံနှုန်းများ၊ အမြင်များ၊ ဥပဒေရေးရာ အကောင်အထည် ဖော်ဆောင်မှု အားနည်းခြင်းများ၊ အရင်းအမြစ် မလုံလောက်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ၊ ပဋိပက္ခများ၊ ရာသီဥတု ပြောင်းလဲမှု များကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ထိခိုက်နစ်နာမှု ဖြစ်စေသလို အကြမ်းဖက်မှုများလည်း ပိုမိုမြင့်တက်လာစေပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကမ္ဘာတစ်ဝန်းလုံးမှာ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ မိမိတို့ အတူတကွစုပေါင်းပြီး တားဆီးကာကွယ်၍ ရနိုင်ကြောင်းနှင့် ၎င်းလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မှုတိုင်းသည် ပိုမိုလုံခြုံ တန်းတူညီမျှမှုရှိသည့် လူမှုပတ်ဝန်းကျင်ကို ဖန်တီး တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ဆောင်ပုဒ်မှာ “ အမျိုးသမီးများ အပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ပေး " " UNITE to End Digital Violence against All Women and Girls” ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်အကြမ်းဖက်မှုဟာ ကမ္ဘာပေါ်ရှိမည်သည့်နေရာမှာမဆို အလွယ်တကူ ဆောင်ရွက်နိုင်တာဖြစ်လို့ ဥပဒေများ ပြဌာန်းဆောင်ရွက်ရန် လိုအပ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ကြရမှာ ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ် အခြေပြု အကြမ်းဖက်မှုများဖြစ်ပေါ်လာပါက အမျိုးသမီးများအတွက် တရား မျှတမှုရရှိရေး၊ ထိရောက်စွာအကာအကွယ်ပေးရေး၊ တုံ့ပြန်ဆောင်ရွက်မှု အားကောင်းစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ ဤဆောင်ပုဒ်ဖြင့် နှိုးဆော်လိုက်ခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက် ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာအစိုးရဌာနများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများပူးပေါင်းပြီးဆောင်ရွက်ပေးရန်၊ ပံ့ပိုးကူညီမှု၊ တရားမျှတမှု၊ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းစဉ်များအားကောင်းစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးရန်၊ (၁၆)ရက်တာလှုပ်ရှားမှုများမှအစပြု၍ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း” တိုက်တွန်းပြောကြားသည်။ ထို့နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်ချက် Video Clip ပြသမှုအားကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ မြို့နယ်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ ဒုတိယအကြိမ်မဲစာရင်းများကပ်ထားကြေငြာထားရှိမှုအပေါ် သတ်မှတ်ပုံစံများဖြင့် မဲစာရင်းလျှောက်ထားမှုများအား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက မဲစာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ မဲစာရင်းလျှောက်ထားမှုများနှင့်ပတ်သက်၍ စာရင်းရေးသွင်းခြင်း၊ e-ID ဆာဗာဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှုရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးပိုင်ခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင်ပါဝင်ပြီး ဆန္ဒမဲပေးနိုင်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် မဲစာစင်းမပါရှိသေးသူများအား အချိန်မီစာရင်းပေးသွင်းနိုင်ရေးတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

05-Dec-2025