တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်ကြီးရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရေစက်ချ အလှူတော်မဟာမင်္ဂလာ အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရေစက်ချအလှူတော်မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ သက်ရှည်ရတနာ သာသနာ့ဗိမာန်တော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို“ နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ) မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များကို သံဃာတော်များထံ ဆက်ကပ်ခဲ့သည်။

ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဧည့်ပရိသတ်များက ဆက်လက်နာယူကြည်ညိုကြပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်များနှင့် တာဝန်ရှိသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့် နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကာ တေးသံရှင်တစ်ဉီးက ရတုပိုဒ်စုံဖြင့်သီဆို ပူဇော်ခဲ့သည်။ ယင်းနောက် အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ နိုင်ငံစွမ်းဆောင်ရည်ဆုဘွဲ့တံဆိပ်တော်ရ အောင်ဆန်းဆရာတော်ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ အရှင်သူမြတ်မဟာထေရ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကာ တိုင်းဒေသကြီး သာသနာရေးမှူးက စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူရာ၌ အမှားအယွင်းနှင့် မပြည့်စုံခြင်းများရှိပါက ခွင့်လွှတ်ပါရန်အတွက် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များထံ တောင်းပန် ပန်ကြားခဲ့သည်။

ထို့နောက် စိန်ဖူးတော် ငှက်မြတ်နားတော် နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဘုရားဒါယကာ၊ ဒါယိကာမ အလှူရှင်များက စေတီတော်မြတ်ကြီးအား လက်ယာရစ်(၁) ပတ် လှည့်လည်အပူဇော်ခံကာ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပင့်ဆောင်ခဲ့ပြီး အခမ်းအနားမှူးက မင်္ဂလာအခါတော်ကြားစာတမ်းကိုဖတ်ကြား၍ မင်္ဂလာအချိန်တွင် ရွှေထီးတော်ဘုံအဆင့်ဆင့် ငှက်မြတ်နားတော်စိန်ဖူးတော်တို့အား အစီအစဉ် အတိုင်းမင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် “ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့ပြီးနောက် မဟာမင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်ဖြင့် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အလှူရှင်မိသားစုက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် မြေထိန်းနံရံတည်ဆောက်ရေး၊ သာသနိကအဆောက်အဦများတည်ထားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကာ ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်ကြီး၏ လှိုင်ဂူတော်အတွင်းရှိ ဝိဇယသိဒ္ဓိကျောက်စိမ်း စေတီတော်ပုံစံငယ်၊ ကျောက်စီနံရံကပ်ပန်းချီများ၊ ရုပ်ပွားတော်မြတ်များနှင့် မြန်မာမှုလက်ရာများအား ဖူးမြော်ကြည်ညိုလေ့လာခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာသဟပုညကာရီကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်ဆောင်ရွက်သည့် ပဆင မှ ကြခတ်ကုန်း – ကျောင်းစု – ကလ လမ်းပေါ်ရှိ ကျေးရွာချင်းဆက် ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချူပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကွန်ကရစ်တံတား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါ တံတားသည် အရှည်(၆၀)ပေ၊ အကျယ် (၂၀)ပေရှိ သံကူကွန်ကရစ်တံတား ဖြစ်ပြီး ကျေးရွာ(၃၀)မှ အိမ်ခြေ(၁၅၀၀)အကျိုးပြုမည်ဖြစ်သည်။

04-Dec-2025