ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ရေကြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၊ မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းများကို ကြည့်ရှုအားပေး
ပုသိမ် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာသို့ရောက်ရှိ၍ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးဧက (၅၀၀)စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ လက်တံမြောင်း ၃ နှင့် လက်တံမြောင်း ၄ ရေထုတ်ပေါက် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုအားပေးပြီးနောက် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းရှင်းလင်းဆောင်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြစ်ရေတင်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် စိုက်ပျိုးရေးရရှိပြီဖြစ်၍ တောင်သူများကလည်း ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းကြိုးစားပေးကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ပြီး ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း (၃)ခုရှိပြီး နွားရေတိုက်ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပြီးပါက တိုင်းဒေသကြီးအတွင်း ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ( ၄)ခု ရှိလာမည်ဖြစ်ပါကြောင်း၊ ဧရာဝတီပေါ်ဆန်းတစ်ခေတ်ဆန်းအောင် ပေါ်ဆန်းဖိုရမ်ကိုပြုလုပ် ဆောင်ရွက်ခဲ့ပါကြောင်း၊ သီးနှံများအား ဓာတုကင်းလွတ်ပြီး သဘာဝမြေဩဇာဖြင့်သာ စိုက်ပျိုးနိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းမွှေးအား ပြည်ပသို့တင်ပို့နိုင်ရေး Export Zone အတွင်း ထည့်သွင်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများကိုလည်း လျာထားစိုက်ဧကများပြည့်မီအောင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊မဲဆန္ဒရှင်များမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာခြင်းကို ဆောင်ရွက်ထားရှိပြီး မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန် လိုပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုပါကြောင်း”ပြောကြားခဲ့သည်။
ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)၊ တိုင်းဒေသကြီးဦးစီးမှူးက ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာရှိ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းအား တိုင်းဒေသကြီးရန်ပုံငွေဖြင့် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၀၂၄-၂၀၂၅) နှစ်တွင်တည်ဆောက်ပြီးစီးခဲ့သည့်အပိုင်းများမှ နွေစပါးစိုက်ဧက(၅၀၀)နှင့် (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်တွင် မိုးစပါးစိုက်ဧက(၅၀၀)တို့အား အောင်ရေပေးဝေနိုင်ခဲ့မှု၊ မြောင်းမကြီးနှင့် လက်တံမြောင်းများ ဆက်လက်တူးဖော်မည့် အခြေအနေများ၊ ယခုနှစ်နွေစပါးရာသီတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး198KW Hybrid ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆိုလာတပ်ဆင်အသုံးပြုမည့်အခြေအနေများကိုလည်းကောင်း၊ ရေကြည်မြို့နယ်မြေစာရင်းဦးစီးဌာနမှူးက ၂၀၂၅-၂၀၂၆ခုနှစ်အတွင်း ရေကြည်မြို့နယ်အတွင်း ပေါ်ဆန်းစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများ၏ စိုက်ဧကများ အောင်ရေပေးဝေနိုင်ရေးအတွက် မြောင်းမကြီးနှင့် လက်တံမြောင်းများတူးဖော်ခြင်းလုပ်ငန်းများကို အပိုင်းလိုက်ဆက်လက်ဆောင်ရွက်ရန်နှင့် ပေါ်ဆန်းစပါးစိုက်ပျိုးခြင်းကို ဖြစ်နိုင်သည့်နေရာများတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာ၊ ဇေယျာသီရိကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကညင်ငူကျေးရွာအထက်တန်းကျောင်းခွဲ၊ ပညာ့ဗိမာန်ခန်းမတွင် ဆရာ၊ ဆရာမများ၊ Grade- 12ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပညာသင်နှစ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်အလိုက်တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း ဆရာများ၏ သင်ကြားပို့ချက်များကို သေချာလိုက်နာမှတ်သား၍ ထူးချွန်အောင်မြင်အောင် ကြိုးစားကြရန်လိုပါကြောင်း၊ ကျန်းမာရေးကိုလည်း ဂရုစိုက်နေထိုင်၍ စာမေးပွဲဖြေဆိုပြီးသည်အထိ နေ့စဉ်ကျက်မှတ်၍ ထူးချွန်စွာဖြင့်အောင်မြင်ရေး ကြိုးစားကြရန်လိုပါကြောင်း” မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများ၊ Grade- 12ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ငူကျေးရွာအတွင်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှအမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကညင်ငူကျေးရွာကမ်းပြိုကာကွယ်ရေး ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်း အလျား(၁၂၀) ပေဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက်အဆိုပါလုပ်ငန်းနှင့်ကပ်လျက်ရှိ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျ၍ ငဝန်တာနှင့်ပေ၃၀ခန့်အကွာအဝေးသာရှိတော့သည့်အလျား၅၀၀ပေကမ်းပါးပြိုကျမှုအခြေအနေတို့ကိုကြည့်ရှု့စစ်ဆေးခဲ့ပြီးပင်မတာနှင့်နီးကပ်လာမှုအပေါ် လာမည့်မိုးမတိုင်မီ အခိုင်အမာကာကွယ်ထိန်းသိမ်းနိုင်ရေးအမြန်ဆုံးတွက်ချက်တင်ပြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကျွန်းဒေါင့်ကျေးရွာသို့သွားရောက်၍ ဆောင်းမြေပဲဆင်းပဒေသာ (၁၁)မျိုးစေ့ထုတ်စံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ မြေပဲမျိုးကောင်းမျိုးသန့်များစိုက်ပျိုးမှု၊ တစ်ဧကအထွက်နှုန်းတိုးတက်မှုနှင့် ဈေးကွက်ရရှိမှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး အထွက်တိုးမြေပဲမျိုးများအသုံးပြုစေရေးနှင့် ဆီဖူလုံမှုရှိစေရေး ပိုမိုတိုးတက်စိုက်ပျိုးရေးတို့ကို မှာကြားခဲ့ကာ တောင်သူများအား မြေပဲမျိုးစေ့၊ နေကြာမျိုးစေ့နှင့် ပဲပုပ်မျိုးစေ့များပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ မကျည်းလဟာကျေးရွာ၌ 200KVA ထရန်စဖော်မာတပ်ဆင်၍ 11KVဓာတ်အားလိုင်း ၃.၅၅မိုင်တပ်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓာတ်ပို့လွှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်၍ မကျည်းလဟာကျေးရွာအခြေခံပညာအထက်တန်း ကျောင်း တွင် ဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပြောကြားကာ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကျည်းလဟာကျေးရွာအတွင်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှအမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ ပန်းစံကွင်းကျေးရွာ၊ တောင်သူဦးသန့်ဇော်ဝင်း၏ စိုက်ဧက(၁၀)ဧကတွင် ဓါတုကင်းလွတ်ပေါ်ဆန်း စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ နွားရေတိုက်ကျေးရွာ ဧရာဝတီ(ရေကြည်) ဓာတုကင်းလွတ် ပေါ်ဆန်းမွှေး (၂၅၀)ဧက အထူးဇုန်စံပြစိုက်ခင်းအားလည်းကောင်း ကြည့်ရှုအားပေးပြီး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ဖြစ်နိုင်သည့်နေရာများတွင် ပေါ်ဆန်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးပိုင်ခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုများကိုကြည့်ရှုအားပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် ပြည်သူတစ်ဦးချင်းစီ၏ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ တိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကာ ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများထံပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကန်ကြီးထောင့်မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးပိုင်ခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင်ပါဝင်ပြီး ဆန္ဒမဲပေးနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက မဲစာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။