ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း(၃/၂၀၂၅)ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၃/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၃/၂၀၂၅)ကို ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီး စနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်း ထိရောက် အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံစိတ်ချရသောစားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး သည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနွေစပါးဧက(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ပဲမျိုးစုံဧက (၁၆) သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲပုပ်ကိုလည်း နှစ်အလိုက်ရည်မှန်းချက်ထား တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်ပသို့တင်ပို့နိုင်ရေး Export Zone အတွင်း ထည့်သွင်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲသူများ သင်တန်းသည် ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို များစွာအထောက်အကူပြုသည့် သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းအတွင်းရှိ မြို့နယ်များတွင် လိုင်စင်ရပိုးသတ်ဆေး လက်လီလက်ကားအရောင်းဆိုင် (၁၃၀၀)ကျော်ကို ဥပဒေနှင့်အညီ ဖွင့်လှစ်ရောင်းချသုံးစွဲလျက်ရှိပါကြောင်း၊ သီးနှံများတွင် ကျရောက်ဖျက်ဆီးတတ်သည့် ပိုးမွှားရောဂါနှင့် ပေါင်းပင်၊ ကြွက်စသည့် ဖျက်ပိုးများကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ဆုံးရှုံးမှုများမရှိစေရေး ကြိုတင်ကာကွယ်မှုများ၊ လိုအပ်တဲ့နှိမ်နင်းမှုများကို ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် ပိုးသတ်ဆေးကို နည်းစနစ် မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ ကိုင်တွယ်သုံးစွဲရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ ဓာတုဆေးဝါးများသည် အသုံးပြုမှု မှန်ကန်ရင် ကောင်းကျိုးရှိသလို လွဲမှားစွာသုံးစွဲမိပါက စားသုံးသူများကို အန္တရာယ်ဖြစ်စေနိုင်သဖြင့် သတိပြုပြီး သုံးစွဲကြရမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းကာလတွင် သင်ကြားပို့ချသော နည်းပညာများကို လေ့လာမှတ်သားပြီး အကျိုးရှိအောင် လက်တွေ့ ပြန်လည်အသုံးချရမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လေ့လာရရှိခဲ့သော ဗဟုသုတ၊ ပညာရပ်များကို မိမိတို့နဲ့နီးစပ်ရာ တောင်သူများ၊ စိုက်ပျိုး ထုတ်လုပ်သူများ သာမက ရောင်းဝယ် ဖောက်ကား နေကြတဲ့ ပုဂ္ဂိုလ်များအထိ ပညာဗဟုသုတများ မျှဝေပေးကြရန်လိုပါကြောင်း၊ အသိပညာမျှဝေပေးခြင်းဖြင့် ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းကင်းဝေးစေပြီး စနစ်တကျ အချိုးကျနစွာ သုံးစွဲတတ်စေခြင်းဖြင့် စားသုံးသူများအတွက် အန္တရာယ်ကင်းစေသည်သာမက သီးနှံအထွက်နှုန်း တိုးတက်စေမည်ဖြစ်ပါကြောင်း၊ ပိုးသတ်ဆေးသုံးစွဲပြီး အိတ်အလွတ်များကိုလည်း စနစ်တကျ စွန့်ပစ်ရန်လိုကြောင်း ” အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းအား ယခုလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၂၀၀) ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။

03-Dec-2025