ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် တင်ပို့ရမည့်ဆန်များအနက် ပထမအကြိမ် ဆန်တန်ချိန်(၂၅၀၀)အား MV.MCL-11 သင်္ဘောဖြင့် ကုန်တင်ဆောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုစီမံကိန်းသို့ရောက်ရှိ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် တင်ပို့ရမည့်ဆန်များအနက် ဧည့်မထ(၅)မှတ်ဆန် တန်ချိန် (၇၅၀၀)အား တင်ပို့နိုင်ရေးအတွက် ကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေများ၊ (၄၀၀) ကီလိုဝပ် ဆိုလာစနစ် တပ်ဆင်အသုံးပြုမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန်ကြိတ်ခွဲမှုများ စနစ်တကျဖြစ်စေရေး၊ တင်ပို့သည့်ဆန်များ အရည်အသွေးပြည့်မီရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုစီမံကိန်းရှိ Nilar Wood Industry Company Limited မှ သစ်အခြေခံ အသုံးပြုထုတ်ကုန်များဖြစ်သော သစ်ပါးလွှာ၊ အထပ်သားများ၊ Particle Board Finger Joint Board Blockboard Panel နှင့် Wood Chips များထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရန်နှင့် နိုင်ငံခြားတင်ပို့ရောင်းချရန်အတွက် စက်ရုံနှင့်နှစ်ထပ်ရုံး ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးအောင် ဆောင်ရွက်၍ လုပ်ငန်းများ လည်ပတ်နိုင်ရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် တင်ပို့ရမည့် ဆန်များအနက် ပထမအကြိမ် ဆန်တန်ချိန်(၂၅၀၀)အား MV.MCL-11 သင်္ဘောပေါ်သို့ ကုန်တင်ဆောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပို့သည့်ဆန်များ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း စနစ်ကျ တင်ဆောင်နိုင်ရေးနှင့် ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှုဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်း များနှင့်အညီ တင်ပို့နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

02-Dec-2025