ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်လုံးဆိုင်ရာ (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံ စာအောင်ဆုပေးပွဲနှင့်(၁၄) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာအောင်ဆုပေးပွဲအခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်လုံးဆိုင်ရာ (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံ စာအောင်ဆုပေးပွဲနှင့်(၁၄) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာအောင်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစည်မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊ သီရိဇေယျာဗိမာန်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စာအောင်ဆုများဆက်ကပ်ခဲ့သည်။

ဦးစွာ ရေကြည်မြို့နယ်လုံးဆိုင်ရာ (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံ စာအောင်ဆုပေးပွဲနှင့်(၁၄) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာအောင်ဆုပေးပွဲအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် အခမ်းအနားကိုဆက်လက်ပြုလုပ်ရာ “ နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ငါးသိုင်းချောင်းမြို့၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဩဝါဒါစရိယဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံစာပြန်ပွဲတော်တွင် တတိယအဆင့်ဂုဏ်ထူး‌အောင်၊ ဒုတိယအဆင့်ဂုဏ်ထူးအောင်၊ ဒုတိယအဆင့်အထူးအောင်၊ ဒုတိယအဆင့်ရိုးရိုးအောင်၊ ပထမအဆင့် ဂုဏ်ထူးအောင်၊ ပထမအဆင့်အထူးအောင်၊ ပထမအဆင့်ရိုးရိုးအောင် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူအသီးသီးက စာအောင်ဆုလက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံစာပြန်ပွဲတော် ဥက္ကဋ္ဌ၊ မြစည်မဟာ စည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ““ဗုဒ္ဓသာသနံ စိရံတိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ စာပြန်ပွဲကြီးကို ဩဝါဒစရိယဆရာတော် (၃)ပါး၊ နာယကဆရာတော် (၄)ပါး၊ စာထောက်ဆရာတော် (၁၁)ပါးတို့မှ ကြီးမှူးပြီး ကျောင်းပေါင်း (၁၅)ကျောင်းမှ စာဖြေသံဃာတော် (၁၁၅)ပါး ဝင်ရောက်ဖြေဆိုပြီး သံဃာတော် (၉၂)ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ အလှူရှင်နှင့် မြို့နေပြည်သူများပူးပေါင်းပီး ကိုယ့်အားကိုယ်ကိုးဆောင်ရွက်သည့်ရေကြည်မြို့၊ ဗထူး (၉)လမ်း၊ လမ်းအရှည်၇၂၀ပေ၊ အကျယ်၁၂ပေ၊ ထု၆ လက်မကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့၊ ဒီပါရုမ်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညို၍ ပန်း၊ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကာ ဒီပါရုမ်စေတီတော်မြတ်ကြီးပရဝဏ်အတွင်းတွင် တည်ရှိသော ဒီပါမုနိဘယရန်အောင်ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပျော်သည့် ဂန္ဓကုဋီကျောင်းဆောင်တော် (၅၀'×၄၀'×၆၃') တည်ဆောက်ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့ပြီး တပေါင်းပွဲတော်အမီ တည်ဆောက်ပြီးစီးရေးနှင့် ဂန္ဓကုဋီကျောင်းဆောင်တော် တည်ဆောက်ပြီးစီးပါက ရုပ်ပွားတော်မြတ်အား ရောင်တော်ဖွင့်ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ ကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ မြို့ရိုးဒွါရကျောင်းတိုက်ဆရာတော် အရှင်ဣန္ဒာစက္က အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

30-Nov-2025