ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငါးသိုင်းချောင်းမြို့ အမျိုးသားခန်းမတွင်ပြုလုပ်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမတွင်ပြုလုပ်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံ၏ ဒုတိယ မြောက်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တိုင်းဒေသကြီးသည်လည်း စပါးစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် မိုးစပါးနွေစပါး(၅၂)သိန်းကျော်နှင့် ပဲမျိုးစုံ(၁၆)သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေများပြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းတစ်ခုခုကိုအဓိက လုပ်ကိုင်ကြသူများဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစသည့်ဆီထွက်သီးနှံများအပြင် ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပီလောပီနံ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကျုံပျော်ခရိုင်ကိုအခြေခံ၍ ပီလောပီနံ စိုက်ပျိုးရေးတွင် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Public Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့်ဝန်ထမ်းဦးရေအား တိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း အောင်မြင်သူများကိုလည်း အလုပ်ခန့်ထားပေးသွားမည်ဖြစ်၍ ကျောင်းသားကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ အားကစားကဏ္ဍတွင်လည်း အားကစားရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေး ကောင်းမွန်စေရေးအတွက် ဒေသခံတောင်သူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ( Drum Seeder)၊ ဓာတ်မြေဩဇာ၊ နေကြာမျိုးစေ့၊ ပဲပုပ်မျိုးစေ့၊ မြေပဲမျိုးစေ့များပေးအပ်ခဲ့သည်။ ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များကို တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

29-Nov-2025