ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူပူးပေါင်းဆောင်ရွတ်သော ပဒေါင်းပိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒေါင်းပိုင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၏ မုခ်ဦးရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒေါင်းပိုင်းလမ်း ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့က လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် ကန်ကြီးထောင့်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ပဒေါင်းပိုင်းလမ်းသည် လမ်းအရှည် (၃၁၀၀) ပေ ရှည်လျားသောလမ်း ဖြစ်ပြီး ၂၀၂၅- ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေမှ ( ၃၀၀'x၁၂'x ၈”)အား မြို့နယ်စည်ပင်သာယာရေးကော်မတီမှငွေကျပ် (၂၄.၀၉၈)သန်း၊ ပဒေါင်းပိုင်းလမ်းနေ ပြည်သူများမှ ( ၃၀၀'x၁၂'× ၈”) အား ငွေကျပ်( ၂၄.၀၉၈ )သန်း နှင့် ဘိလပ်မြေအိတ်-၂၁၄ အိတ် ထည့်ဝင်လှူဒါန်း၍ စုစုပေါင်း ပေအရှည် (၆၀၀'x၁၂'×၈") အားကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်ကျေးရွာရှိ တောင်သူဦးကျော်ညွန့်၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းရာသီဆီထွက်သီးနှံ နေကြာစိုက်ပျိုးနေမှုများနှင့် စိုက်ဧက(၅)ဧကတွင် ရေဆင်း(၁၅)ဒေသမျိုး ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းရာသီဆီထွက်သီးနှံ ပဲပုပ်တိုးချဲ့စိုက်ပျိုးရေး (၅)ဧက စံပြစိုက်ခင်း နှင့် ဒေသမျိုး ပဲပုတ်စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးသည့် ပဲပုတ်မျိုးများစိုက်ပျိုးကြရန်၊ ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဆောင်ရွက်ရန်၊ စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငဝန်တာဘေးရှိ ၂၀၂၅ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စံပြစိုက်ခင်းနှင့် ပဲပုတ် ၂၀ဧက၊ မတ်ပဲ၇၀ ဧက၊ ပဲတီစိမ်း ၇ဧက စိုက်ခင်းများကြည့်ရှုစစ်ဆေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။

ထို့နောက် ငါးသိုင်းချောင်းမြို့၊ ဘုတ်ချောင်းကျေးရွာ မြတ်ကိုးပါးဘုရားကြီးကျောင်းတိုက်သို့သွားရောက်ရောက်ကာ မြတ်ကိုးပါးရုပ်ရှင်တော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ပြီးနောက် လေးမျက်နှာမြို့နယ်၊ ဘုတ်ချောင်းကျေးရွာအုပ်စု မြေနုကျောင်းတိုက်မှ မြတ်ကိုးပါးဘုရားကြီးကျောင်းတိုက်တွင် ခေတ္တသီတင်းသုံးနေထိုင်တော်မူသည့် ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊စံပြကျေးရွာတွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လက်မှုရွာစီမံကိန်း အားသွားရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဉီးက လက်မှုရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာစေပြီးကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်စီမံဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့် ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရေး ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ မအူကုန်းကျေးရွာအုပ်စု၊ ဒေါင့်မှန်ကျေးရွာရှိ ဦးမောင်မောင်သော်၏ “ဇာမဏီ” ပြာစိမ်းနွားမျိုးသန့် မွေးမြူရေးခြံသို့ သွားရောက်၍ မွေးမြူရေးခြံအတွင်း ဒေသနွားမျိုးသန့်မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ စနစ်တကျမွေးမြူစေရေး၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာ ထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို မေးမြန်းခဲ့ပြီး ဇီဝမြေဩဇာများတိုးချဲ့ထုတ်လုပ်နိုင်ရန်နှင့် မြေလွတ်နေရာများတွင် ဇီဝမြေဩဇာအသုံးပြု၍ သီးပင်စားပင်များ စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။ အဆိုပါ “ဇာမဏီ” ပြာစိမ်းနွားမျိုးသန့် မွေးမြူရေးခြံတွင် (၂)နှစ်အောက်နွား (၃၇)ကောင်၊ (၂)နှစ်အထက် (၈၃)ကောင်၊ စုစုပေါင်း (၁၂၀)ကောင်မွေးမြူထားကြောင်းသိရသည်။

ထို့နောက် ငါးသိုင်းချောင်းမြို့ရှိ ဝင်းဧရာဝါးတူစက်ရုံသို့ သွားရောက်၍ ဝါးတူထုတ်လုပ်မှုအဆင့်ဆင့်တို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ဝါးကုန်ကြမ်းေရွးချယ်ခြင်း၊ ဖြတ်တောက်ခြင်း၊ ပုံကြမ်းထုတ်ခြင်း၊ ပေါင်းဖိုဖြင့်ပိုးသတ်ခြင်း၊ အခြောက်ခံခြင်း၊ ပုံချောထုတ်ခြင်း၊ ပုံဖော်စက်ဖြင့် ပုံချောဖော်ခြင်း၊ အရည်အသွေးကောင်းမွန်သည့် တူချောများအား ၂ချောင်းတစ်စုံဖြင့် ထုတ်ပိုးခြင်းနှင့် အထုတ်(၅၀)ပါကင်များထုတ်ပိုးခြင်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်နှင့် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်နိုင်မှုနှင့် ရောင်းချရမှုအ ခြေအနေများ ရှင်းလင်းတင်ပြမှုခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကုန်ထုတ်လုပ်ငန်းများပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး၊ ခေတ်မီစက်ပစ္စည်းများအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအ လေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါ ဝင်းဧရာဝါးတူစက်ရုံမှ တစ်နေ့လျှင် ပျမ်းမျှ ဝါးတူ အထုတ်(၅၀)ပါ ပါကင် (၇၀) ထုတ်အားတိုင်းဒေသကြီးအတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ထုတ်လုပ်တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

29-Nov-2025