ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အရှိုချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ သဘာပတိက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီးနောက် ချင်းရိုးရာပဆန်းဆရာက ရိုးရာမပျက် ပဆန်းဖွယ်ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် သဘာပတိကြီးက သဘာပတိမိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားပေါင်းစုံ အတူတကွချစ်ကြည်ရင်းနှီးစွာဖြင့် နေထိုင်ကြသည့်တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီး အတွင်းရှိ ကရင်၊ ရခိုင်၊ ချင်းတိုင်းရင်းသားတို့၏ တိုင်းရင်းသားစာပေ သင်ကြားရေးများ၊ တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အစဉ်အလာမပျက် ကျင်းပဆောင်ရွက် နိုင်စေရန်အတွက် တိုင်းဒေသကြီးဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲပြီး သက်ဆိုင်ရာစာပေနှင့်ယဉ်ကျေးမှုအသင်းများသို့ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားတို့၏ အရေးကိစ္စရပ်များ မလစ်ဟင်းစေရေးအတွက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထား စောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေး အမြင်၊ အုပ်ချုပ်ရေးအမြင်များရှိသူများ၊ အမှန်တကယ် တိုင်းပြည်နှင့် ဒေသအကျိုးအတွက် ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်လောင်းများ ဖြစ်လာစေရေး ကိုယ်စားလှယ်လောင်း အရည်အချင်းများနှင့်အညီ ဖြစ်စေရေး အတွက် ရွေးချယ် မဲပေးကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်များကို နှစ်စဥ်ကျင်းပလျက်ရှိပြီး တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်ရေးကို ရှေးရှုကာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက အရှိုချင်းရိုးရာကောက်သစ်စားပွဲတော် ကျင်းပရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ယင်းနောက် သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကန်တော့ငွေများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း၏ ချင်းရိုးရာဝါးညှပ်အက၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့​နောက် အရှိုချင်းရိုးရာ​ကောက်သစ်စားပွဲ​တော် မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက ​ဒေသခံချင်းတိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ ​နေ့လယ်စာ အတူတကွသုံး​ဆောင်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့၊ ရွာသစ်ကျေးရွာအုပ်စုရှိ တောင်သူဦးအောင်သူ၏ စိုက်ဧက(၂)ဧက Super Sun-41 ဆောင်းနေကြာစံပြစိုက်ခင်းတွင် နေကြာမျိုးစေ့စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့ရာ မြန်အောင်ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှူးက ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၅)အုပ်စုရှိ တောင်သူ(၅၄၅၆)ဦး၏ စိုက်ဧက(၈၀၉၁)ဧကတွင် နေကြာစိုက်ပျိုးရန်လျာထားမှုနှင့် ယနေ့အထိ ကျေးရွာအုပ်စု(၁၇)စု၊ တောင်သူ (၁၈၃၅) ဦး၏ စိုက်ဧက(၂၇၅၃)ဧကစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဆောင်ရွက်ရန်၊ စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေး၊ နေကြာပိုမိုဖြစ်ထွန်းသည့် ကိုင်ကျွန်းမြေများတွင် ပိုမိုတိုးချဲ့စိုက်ပျိုးရန်တို့အား မှာကြားခဲ့သည်။ ဆက်လက်၍ ကြံခင်းမြို့၊ ဘုရားကြီးလမ်း၊ ရွာသစ်ရပ်ကွက် ဝင်းကြွယ်စက်မှုလက်မှုသို့သွားရောက်၍ မျိုးစေ့ချကိရိယာ( Drum Seeder)များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ရှိ Drum Seeder ထုတ်လုပ်မှူအခြေအနေများ၊ တိုင်း‌ဒေသကြီး အတွင်း ဖြန့်ဖြူးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သည့်မျိုးစေ့ချကိရိယာ(Drum Seeder)များထုပ်လုပ်နိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း အလက်ရေပြည့်မီအောင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့ကိုမှာကြားခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

28-Nov-2025