တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီတို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားတက်ရောက်
ပုသိမ် နိုဝင်ဘာ ၂၇
ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီတို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(ARCCI)သည် တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အင်တိုက်အားတိုက်ဖြင့် အသင်းအဖွဲ့များစုစည်း၍ တက်ညီလက်ညီ ဆောင်ရွက်နေသည့် အသင်းအဖွဲ့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ တိုးတက်မှုများရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ ရေသယံဇာတ၊ မြေသယံဇာတ၊ လူ့စွမ်းအားအရင်းအမြစ်ပေါကြွယ်ဝမှုများကို အခြေခံ၍ လုပ်ငန်းရှင်များအနေဖြင့် ပံ့ပိုးကူညီမှုများကိုဆောင်ရွက်ပေးမည်ဆိုပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ ကုန်ကြမ်းများထုတ်လုပ်ရုံသာမက ကုန်ချောများထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက တိုင်းဒေသကြီး၏ (GDP)ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးလည်း မြင့်တက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများကိုလည်း ပိုပိုဆောင်ရွက်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း များပြားလာမည်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးတိုးတက်ခြင်းသည် နိုင်ငံတော်တိုးတက်ခြင်းပင်ဖြစ်ပါကြောင်း၊ ဧရာ၀တီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မူလုပ်ငန်းရှင်များ အသင်းချုပ်သည် တိုင်းဒေသကြီး စီးပွားရေး တိုးတက်မှု အတွက် ပါဝင်ဆောင်ရွက်နေသည့် အသင်းအဖွဲ့ဖြစ်သကဲ့သို့ အာမခံကုမ္ပဏီများသည်လည်း နိုင်ငံငွေကြေးတည်ငြိမ်ရေး၊ အပြုသဘောဆောင်သော စီးပွားရေးစွန့်စားမှုများနှင့် ရင်းနှီး မြုပ်နှံသူများ၏ ယုံကြည်မှု ပိုမိုရရှိစေရန် စသည့် စီးပွားရေးဖွံ့ဖြိုးမှု အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါ၀င်နေကြောင်း၊ ယခုကဲ့သို့ တိုင်းဒေသကြီး၏ စီးပွားရေးအသင်းအဖွဲ့ချုပ် ARCCI နှင့် FNI အာမခံ တို့၏ MOU လက်မှတ်ရေးထိုးခြင်းသည် ARCCI နှင့်အတူ သူ၏ညီနောင် စီးပွားရေးအသင်းအဖွဲ့များနှင့် အာမခံကုမ္ပဏီတွေ အကြားမှာ ပိုမို နက်ရှိုင်းသည့် ဆက်ဆံမှု နားလည်မှုကို ဖြစ်စေပြီး၊ လုပ်ငန်းတွင် ကြုံရတတ်သည့် စီးပွားရေးဆိုင်ရာ စွန့်စားမှုများကို အကာအကွယ်နှင့် အထောက်အကူ ဖြစ်စေသည့် အာမခံချက်ရှိေသာ တိုးတက်မှုတွေ ရရှိစေနိုင်မည် ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် First National Insurance General Co,Ltd၊ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေမတည်လှူဒါန်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံရယူခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(ARCCI)ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး First National Insurance (General) Co., Ltd. Company Profile အား Assistant General Managerက ရှင်းလင်းတင်ပြခဲ့ပြီးနောက် MOU လက်မှတ်ရေးထိုး၍ Cooperate Gift လဲလှယ်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း အစည်းအဝေးခန်းမတွင် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နယ်လှည့်အထူးကုဆေးအဖွဲ့ မှအထူးကုပါရဂူ၊ ဆရာဝန်ကြီးများဖြစ်သည့် ပြည်သူ့ကျန်းမာရေးပါရဂူ၊ ခွဲစိတ်ပါရဂူ၊ အထွေထွေရောဂါကုပါရဂူ၊ မျက်စိအထူးကုပါရဂူ၊ သွားရောဂါအထူးကုပါရဂူ၊ နား/နှာခေါင်း/လည်ချောင်းပါရဂူ၊ သားဖွား မီးယပ်အထူး အထူးကု၊ ကလေးအထူးကု၊ အရိုးအထူးကု၊ မေ့ဆေးပါရဂူ၊ ဓာတ်ခွဲပါရဂူ၊ ဓာတ်မှန်ပါရဂူတို့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထူးအကုဆရာဝန်ကြီးများအား ဆန်၊ ဆီ၊ အာလူး၊ ကြက်ဥများနှင့် ဆေးလာရောက်ကုသသည့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သို့သွားရောက်၍ မျက်စိခွဲစိတ်မည့် မျက်စိဝေဒနာရှင်များ၊ လူနာများအား ကြည့်ရှုအားပေးပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ စစ်ရေယာဉ်မှူးက ရေယာဉ်ဆိုင်ရာအချက်အလက်များ၊ ဆက်လက်ကုသပေးမည့်အခြေအနေများ၊ ကုသပေးခဲ့သည့် လူနာများစာရင်းအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၌ တာဝန်ထမ်းဆောင်နေကြသည့် အထူးကုပါရဂူဆရာဝန်ကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။