ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Vedio Conferencingဖြင့်တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မိမိတို့တိုင်းဒေသကြီးအတွင်း အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး၊ မဲစာရင်းမှန်ကန်ရေးအတွက် အလေးထားဆောင်ရွက်ရန် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်းများကပ်ထား ကြေညာရာတွင် မကျန်ရှိစေရေးနှင့် မဲစာရင်းပါရှိစေရေး စောင့်ကြည့်စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးအတွက်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ အချိန်မီကွင်းဆင်းပြုလုပ်ပေးရန်လိုအပ်ကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာရာတွင် ထပ်မံလျှောက်ထားမှုများ၊ ကန့်ကွက်မှုများ၊ ပြင်ဆင်မှုများ ရှိသောကြောင့် မဲစာရင်းမှန်ကန်ရေးအတွက် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ရန်လိုပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ၊ နေရာရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများ မဲစာရင်းမကျန်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားဆောင်ရွက်ရန်၊ ယာယီတိုက်ပွဲရှောင်များအား နေထိုင်ရာနေရာ၊ မဲစာရင်းပါရှိမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စိစစ်သွားရန်၊ အကြောင်းအမျိုးမျိုးကြောင့် ခရီးလွန်နေသူများ နေရပ်ပြန်ရောက်ပါက သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ သတင်းပေးပို့၍ မဲစာရင်းများပါရှိစေရေးဆောင်ရွက်ကြရန်လိုပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ မိမိတို့ရပ်ကွက်၊ကျေးရွာများအတွင်း မဲစာရင်းမှန်ကန်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးကြရန် ” အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်စေရေး မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများဖြင့် အဖွဲ့များခွဲကာ ရပ်ကွက်၊ကျေးရွာများအတွင်း တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးသွားမည့် အခြေအနေများ၊ မဲစာရင်းများမှန်ကန်စေရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းပြုလုပ်ပေး နေမှုနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌများက ရွေးကောက်ပွဲကျင်းပရာတွင် အပိုင်းအလိုက် သတ်မှတ်ထားရှိမှု၊ ခရိုင်အတွင်းရှိ မဲရုံအရေအတွက်၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်၏စားလှယ်အရေအတွက်၊ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေငြာရာတွင် ထပ်မံလျှောက်ထားမှု၊ ကန့်ကွက်မှုနှင့် ပြင်ဆင်မှုအခြေအနေများ၊ ကြိုတင်မဲဆောင်ရွက်နိုင်မှု၊ အဖွဲ့များခွဲကာ မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်းစာရင်းကောက်ယူမည့် အစီအမံများအား ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ပါသည်။

27-Nov-2025