ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ငါးသိုင်းချောင်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် Grade-12၊ ကျောင်းသား၊ ကျောင်းသူများအောင်ချက်မြင့်မားရေး တွေ့ဆုံဆွေးနွေး

ပုသိမ် နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် Grade-12၊ ကျောင်းသား၊ ကျောင်းသူများအောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ပညာသင်နှစ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအ‌တွက် နှစ်အလိုက်တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးသည် အခြခံပညာကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Public Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့်ဝန်ထမ်းဦးရေအား ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း အောင်မြင်သူများကိုလည်း အလုပ်ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်မှမျှော်မှန်းထားသည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင်ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့် သင်ကြားသည့် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်ဆွေးနွေးပွဲကို ခရိုင်များအလိုက်ပြုလုပ်ခဲ့ပါကြောင်း၊ လာမည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး၏ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားကျောင်းသူများနှင့်တာဝန်ရှိသူ များအားလုံးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့်အညီဖြေဆိုနိုင်ရေး၊ KG+9 ပြီးမြောက် အောင်မြင်သော ကျောင်းသားကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများတွင်တက်ရောက်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ Grade-12သင်ဆရာ၊ ဆရာမများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာရပ်အလိုက်သင်ကြားပေးနိုင်မှုအခြေအနေများနှင့် အကြိုစာမေးပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး Grade-12သင်ဆရာ၊ ဆရာများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများကိုလည်းကောင်း၊ ရပ်ဝေးဒေသမှ ရေကြည်မြို့နယ်အတွင်း လာရောက်တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာများအား ဆန်၊ ဆီ၊ ကြက်ဥများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေတံခွန် (တောင်ပိုင်း) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက လိုအပ်ချက်များကိုတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

25-Nov-2025