ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်း၌ ကော်ဖီစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေး၊ မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာရှိ ပိုင်ရှင်ဦးသုခအောင်၏ ငရုတ်ကောင်းစိုက်ဧက(၁၇)ဧကသို့ သွားရောက်ကြည့်ရှုအားပေး၊ မြောင်းမြမြို့ ဒီဧရာ စက်မှုလက်မှုအလုပ်ရုံသို့သွားရောက်၍ မျိုးစေ့ချကိရိယာ( Drum Seeder)များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေး
ပုသိမ် နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်အတွင်း၌ ကော်ဖီစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကို ယနေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ရွှေခြင်္သေ့ရာဘာခြံအတွင်းရှိ တောင်သူဦးညွန့်ဝေ၏ စိုက်ဧက(၁၀)ဧက၌ မြေပြန့်ကော်ဖီ(ရိုဘတ်စတာ)ကော်ဖီမျိုးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ရာ တောင်သူဦးညွန့်ဝေက စတင်စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ခြောက်သွေ့ကာလတွင် အပင်များရေရှိရန်အတွက် ဆိုလာစနစ်ဖြင့်ရေတင်၍ ရေလှောင်ကန်အတွင်း ရေသိုလှောင်ကာ ရေသိုလှောင်ကန်မှတဆင့် ပိုက်များသွယ်တန်း၍ အပင်ခြေရင်းအထိအပေါက်ဖောက်ကာ တစ်နေ့၃နာရီမှ ၄နာရီအထိ ရေပေးမှု၊ ရာဘာပင် ပေ၂၀ ကြားတွင် ၁၀ ပေခြား၍ ကော်ဖီပင်များ သီးညှပ်စိုက်ပျိုးခြင်းဖြစ်ပြီး အစိုဓာတ်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီ စိုက်ပျိုးရေး လုပ်ငန်းများရေရှည် တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်ရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေခြင်္သေ့ရာဘာခြံအတွင်း ရာဘာ ကုန်ကြမ်း ထုတ်လုပ်မှု အဆင့်ဆင့်တို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီပိုင်ရှင်က ရာဘာပင်များကို ၂၀၁၀ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ပြီး ၁၀နှစ်သားအရွယ်တွင် ရာဘာအစေးများ စတင်ခြစ်ယူခဲ့မှု၊ နှစ်အလိုက်ရာဘာထွက်ရှိမှု၊ ရာဘာပြားများထုတ်လုပ်မှု၊ ရောင်းချမှုအခြေအနေများ ရှင်လင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများအပြည့်အဝ စိုက်ပျိုးစေနိုင်ရေး၊ ဖြစ်ထွန်း အောင်မြင်အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေးများပြည့်မီစေရေး၊ ကုန်ကြမ်းများမှ ကုန်ချော ထုတ်လုပ်နိုင်သည်အထိ နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာရှိ ပိုင်ရှင်ဦးစိုးနိုင်၏ ရိုဘက်စတာ မြေပြန့်ကော်ဖီ (၅.၅)ဧက၊ သီဟို၌ (၂၇)ဧက၊ ပီလောပီနံ (၁၀)ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူတစ်ဦးက ခြောက်သွေ့ကာလတွင် ကော်ဖီပင်များရေလုံလောက်စွာ ရရှိရေးအတွက် အပင်များရေရှိရန်အတွက် အဝိစိတွင်းရေမှ ရေလှောင်ကန်အတွင်း ရေသိုလှောင်ကာ ရေသိုလှောင်ကန်မှတဆင့် ပိုက်များသွယ်တန်း၍ အပင်ခြေရင်းအထိ ရေပေးနိုင်ရေးဆောင်ရွက်ထားရှိမှု၊ ၂၀၂၄ခုနှစ်၊ မိုးရာသီတွင် စတင်စိုက်ပျိုးခဲ့ရာ ကော်ဖီပင်သက်တမ်း တစ်နှစ်သားရှိမှု၊ ကော်ဖီပင်များ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ရန် နေရောင်ကာ ပိုက်စများဖြင့် ကာရံထားရှိမှုများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်း အောင်မြင်အောင်စိုက်ပျိုးနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းသည့်နေရာများတွင် တစ်ဆက်က်တစ်စပ်တည်း စိုက်ပျိုးနိုင်ရေး၊ အရိပ်ရပင်များအောက်တွင် ကော်ဖီပင်အပြင် ငရုတ်ကောင်းပင်များပါ စိုက်ပျိုးနိုင်ရေးအပြင် ပီလောပီနံကိုလည်း အထွက်နှုန်းမြင့်မားသည့် ပီလောပီနံမျိုးများ စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာရှိ ပိုင်ရှင်ဦးသုခအောင်၏ ငရုတ်ကောင်းစိုက်ဧက(၁၇)ဧကသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ခြံပိုင်ရှင်မှ ဒေသငရုတ်ကောင်းမျိုးနှင့် ယိုးဒယားငရုတ်ကောင်းမျိုးများ စိုက်ပျိုးစိုက်ပျိုးထားရှိမှု၊ အဝိစိတွင်းမှ ရေတင်၍ ပိုက်များသွယ်တန်း၍ စနစ်တကျရေပေးဝေမှု၊ ဈေးကွက်အတွင်း ငရုတ်ကောင်းအခြောက် ရောင်းချရမှုဈေးနှုန်း၊ ငရုတ်ကောင်းခူးဆွတ်ရရှိမှု၊ “စစ်မှစစ်” ငရုတ်ကောင်းမှုန့်ထုတ်လုပ် ဖြန့်ဖြူးမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့ ဒီဧရာ စက်မှုလက်မှုအလုပ်ရုံသို့သွားရောက်၍ မျိုးစေ့ချကိရိယာ( Drum Seeder)များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ရှိ Drum Seeder ထုတ်လုပ်မှူအခြေအနေများ၊ တိုင်းဒေသကြီး အတွင်း ဖြန့်ဖြူးမှုအခြေအနေများ၊ ကောက်စိုက်စက်ထုတ်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများမှာယူထားရှိမှု၊ အဆင့်မြှင့်တင်ထုတ်လုပ်မည့် ကောက်စိုက်နမူနာပုံစံများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သည့်မျိုးစေ့ချကိရိယာ(Drum Seeder)များ၊ ကောက်စိုက်စက်များ ထုပ်လုပ်နိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း အလက်ရေပြည့်မီအောင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့ကိုမှာကြားခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။