ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ တိုက်စွန်းအောက်အင်းကျေးရွာရှိ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးGW-11 (၅၀)ဧက စံပြစိုက်ခင်းအား ကြည့်ရှုအားပေး၊ ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ တောဖျား-ရှော်ဖြူချောင်ကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ပုသိမ် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ တိုက်စွန်းအောက်အင်းကျေးရွာရှိ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး GW-11 (၅၀)ဧက စံပြစိုက်ခင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းကသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအား ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ရိတ်သိမ်းချိန်လေလွင့်ဆုံးရှုံးမှုမရှိရေး၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာကျေးရွာအုပ်စု၊ တောဖျား-ရှော်ဖြူချောင်ကျေးရွာ၊ သိရိဓမ္မာကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တင်ပြ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က" တိုင်းဒေသကြီးအတွင်း လမ်းတံတားတည်ဆောက် ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အဆောက်အဦများဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ တောင်သူများစိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက်ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းသည် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးအပြင် လိုအပ်သည့်ကဏ္ဍများကို နေရာစုံထောင့်စုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေး ကောင်းမွန်စေရေးအတွက် ဒေသခံတောင်သူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း မိမိတို့ဒေသ၏လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးပေးကြစေလိုကြောင်း" ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကျေးရွာချင်း ဆက်လမ်းအဆင့်မြှင့်တင်ပေးစေလိုမှု၊ နွေစပါး၊ မိုးစပါး စိုက်ပျိုးရာတွင် အောင်ရေလုံလောက်စွာရရှိရေးအတွက် ကျန်ရှိသည့်ရေမြောင်းများအပိုင်းလိုက် ဆက်လက်တူးဖော်ပေးစေလိုမှု၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမဦးရေလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ရရှိရေးဆောင်ရွက်ပေးစေလိုမှု၊ ပေါ်ဆန်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးစေလိုမှု ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။