ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ (နေကြာ၊ ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ (နေကြာ၊ ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်း‌ဒေသကြီးဆီဖူလုံရေးအတွက် ရည်မှန်းချက်ပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သာပေါင်းမြို့နယ်သည် နေကြာစနစ်တကျစိုက်ပျိုးခြင်းကြောင့် အထွက်နှုန်းများ တိုးတက်ခဲ့ပြီး တောင်သူလယ်သမားနေ့တွင်လည်း ဆုများရရှိခဲ့ပါကြောင်း၊ ကော်ဖီသီနှံများကိုလည်း သီဟို၌စိုက်ခင်းများတွင် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းသည်ကို တွေရပါကြောင်းနှင့် ပျဉ်းကတိုး၊ ရာဘာ၊ မန်ဂျန်ရှား စသည့်သစ်တောစိုက်ခင်းများတွင်လည်း စိုက်ပျိုး၍ရပါကြောင်း၊ကော်ဖီစိုက်ပျိုးရာတွင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားစွာ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းများ ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တောင်သူများကလည်း လိုက်ပါဆောင်ရွက်ကြရန်လိုအပ်မည်ပါကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများအား ဆောင်းဆီထွက်သီးနှံ နေကြာ၊ နှမ်း၊ ပဲပုပ် မျိုးစေ့များပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းရွာလယ်တံတား (၂၄၀)ပေ(ပထမပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးအတွက် ရေကျချိန်များတွင်နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အင်တိုက်အားတိုက် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သီးနှံစိုက်ပျိုးမှု၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသုံးဆီဖူလုံစေရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်း၊ ဆီထွက်ပဲပုတ်စသည့် ဆီထွက်သီးနှံများတိုးတက်စိုက်ပျိုးမည့်အခြေအနေများ ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါတံတားသည် တံတားအရှည် ၂၄၀ပေ၊ တံတားခန်းဖွင့် ၄၀ပေ ၆ခန်း၊ တံတားအမျိုးအစားမှာ (Bored Pile Foundation၊ RC ကွန်ကရစ်၊ သံကူကွန်ကရစ်ကြမ်းခင်း) ဖြစ်ကြောင်းသိရသည်။

15-Nov-2025