ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရှင်းရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး
ပုသိမ် နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘုရား၊ စေတီ၊ ပုထိုးများ၊ ဆင်းတုတော်များအား အများပြည်သူကြည်ညိုဖွယ်ရာဖြစ်စေရေးအတွက် ရေသပ္ပါယ်ခြင်း၊ ရောခြည်တော်ဖွင့်ခြင်းလုပ်ငန်းများဆောင်ရွက်စေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် စေတီတော်ကြီး၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာ များတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများမှစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။