ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် ပြုလုပ်သည့် (အ.ထ.က)ရေကြည် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၃၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် ပြုလုပ်သည့် (အ.ထ.က)ရေကြည် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၃၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။

ဦးစွာ အာစရိယပူဇော်ပွဲ အခမ်းအနားကို ၂၆ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ကျောင်းသား၊ ကျောင်းသူနှစ်ဦးက“အိုဘယ့်မြတ်ဆရာ”သီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့ပြီးနောက် အ.ထ.က ရေကြည်ကျောင်းသားဟောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် အမျိုးသားအောင်ပွဲနေ့ရောက်တိုင်း ကန်တော့ခဲ့ကြသည်မှ (၃၉)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်းနှင့် စဉ်ဆက်မပြတ်ကျင်းပလာသည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခြင်းလည်း ဖြစ်ပါကြာင်း၊ ယခုနှစ်တွင် ပို၍ထူးခြားလေးနက်သည်မှာ ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံအား (၂၅)ကုတင်ဆံ့ဆေးရုံမှ ကုတင်(၅၀)ဆံ့ဆေးရုံသို့ အဆင့်တိုးမြှင့်ခွင့်ရရှိခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပိုမိုဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ မေတ္တာရေကြည်မြတ်ဆရာ ကျန်းမာရေးစောင့်ရှောက်မှုအသင်းကို ဖွဲ့စည်း၍ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာချမ်းသာစွာဖြင့် ကန်ေတာ့ခွင့်ရရှိသဖြင့် ဝမ်းမြောက်ရပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများသည် တပည့်များအပေါ် မတတ်သည်များကိုတတ်အောင်၊ မသိသည်များကိုသိ‌ရှိ‌အောင်၊ နားမလည်သည်များကို နားလည်အောင်၊ မကျွမ်းသည်များကိုကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊ မယဉ်ကျေးသည်များကို ယဉ်ကျေးအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးခဲ့ပြီး စာကိုလည်းသင်၊ လူကိုလည်းပြင်ပေးသူများဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူဟောင်းများအနေဖြင့်လည်း ဆရာကြီး၊ ဆရာမကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ရေရှည်ဆောင်ရွက်ပေးနိုင်ရေးအပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ တပည့်များ၏ စောင့်ရှောက်မှုများကိုခံယူ၍ ဘာသာ၊ သနာအကျိုးကို သယ်ပိုးဆောင်ရွက်ရင်း တပည့်များအပေါ်တွင်လည်း လိုအပ်သည့်သွန်သင်ဆုံးမမှုများကို နှစ်စဉ်မပြတ်ဆောင်ရွက်ပေးနိုင်ပါစေကြောင်း” ဝမ်းမြောက်နှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ကျောင်းသားဟောင်း ဒေါက်တာတင်ထွန်းအောင်က မေတ္တာရေကြည်မြတ်ဆရာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း စတင်တည်ထောင်မှု၊ အသင်း၏လက်ရှိကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ယာရောက် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အာစရိယပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများက လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းကန်တော့ကြပြီးနောက် ကျောင်းသားဟောင်းတစ်ဦးက ကန်တော့ချိုးဖြင့် ဦးဆောင်တိုင်တည်ကာ ဆရာကြီး၊ ဆရာမကြီးများအား စုပေါင်းကန်တော့ခဲ့ကြသည်။

ထို့နောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး၊ ဆရာမကြီး(၂)ဉီးက ဆုံးမသြဝါဒစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ မေတ္တာရေကြည်မြတ်ဆရာ ကျန်းမာရေးစောင့်ရှောက်မှုအသင်းအတွက် အလှူငွေများ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ စေတနာရှင်အလှူရှင်များက ပေးအပ်လှူဒါန်းရာ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အ.ထ.က ရေကြည်ကျောင်းသားဟောင်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ စေတနာရှင်ကုသိုလ်ရှင်များ၏ လှူဒါန်းမှုအစုစုအား ဝမ်းမြောက် သာဓုခေါ်ဆိုခဲ့ကြသည်။ ယင်းနောက် “ကျောင်းဆရာ”သီချင်းအား ပြိုင်တူသီဆို၍ အာစရိယပူဇော်ပွဲအခမ်းအနား ပြီးမြောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောင်းသား၊ ကျောင်းသူဟောင်းများအား စားဆီများ‌ေပးအပ် လှုဒါန်းခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ကျောင်းသား၊ ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ခံဆရာကြီးဆရာမကြီးများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ( ၁၁၃၀'x၁၂'x ၆" )ရှိ ရေကြည်မြို့၊ အောင်ဆန်းရပ်ကွက်၊ အောင်ဆန်း(၁‌၀)လမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းအား တိုင်းဒေသကြီးစည်ပင်သာယာရေးသာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ခြင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံကြီးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ ဘင်ခရာအဖွဲ့၊ ပန်းပွားကအဖွဲ့များကို ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆေးကုသစရိတ်များနှင့်အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ရေကြည်မြို့နယ်၊ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ယနေ့သည် မင်္ဂလာရှိသည့်နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ်တိုးမြှင့်လိုက်ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ လိုအပ်ချက်ကိုလည်း ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာနမျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှမျက်စိအထူးကုဆရာဝန်ကြီးများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ကဲ့သို့ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းသည် စေနာရှင်ပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးမှုကြောင့်လည်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ ပုသိမ်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ရေကြည်မြို့နယ်၊ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်း အားရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံအတွက် လေအေးပေးစက်တစ်လုံးအား လှုဒါန်းခဲ့ရာ ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဖွဲ့သည် သမဝါယမနှင့်ကျေးလက်ဖွံ့ ဖြိုးရေးဝန်ကြီးဌာန၊ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် သပြေတွင်းခေတ်မီစံပြကျေးရွာ အိမ်သွယ်ရေတိုင်စနစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အိမ်သွယ်ရေတိုင်စနစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရေဘားဖွင့်လှစ်၍ နေအိမ်များသို့ ရေလွှတ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသောဧည့်သည် တော်များမှ အိမ်သွယ်ရေတိုင်စနစ်ဆောင်ရွက်ထားသော ဒေသခံပြည်သူတစ်ဦး ဖြစ်သည့် ဦးခင်ထွန်းနေအိမ်တွင် ရေမီတာဖြင့် ရေသုံးစွဲမှုအခြေအနေအား ကြည့်ရှု အားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ရေကြည်မြို့နယ်၊ သပြေကွင်းခေတ်မီစံပြကျေးရွာတွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၂၃)သန်းဖြင့် (၄လက်မ) (၄ဝဝပေ) တွင်းနက်တူးဖော်ခြင်းနှင့် ရေစက်ရုံ (ဂါလံ ၂၄ဝဝ) အမြင့်တင်ရေစင်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် SMART Village ရန်ပုံငွေ (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ(၉)သန်းတို့ဖြင့် (၄လက်မ၊၃လက်မ၊ ၂လက်မ ) ပိုက်လိုင်းတို့ဖြင့်စုစုပေါင်းပိုက်လိုင်း(၉၂၁ဝပေ)အားဆောင်ရွက်နိုင်ခဲ့ပြီး ဘဏ္ဍာရေး(၂)နှစ်အတွင်း စုစုပေါင်းကုန်ကျငွေကျပ်(၄၇)သန်း နှင့် သပြေကွင်းခေတ်မီစံပြကျေးရွာ အိမ်သွယ်ရေတိုင်စနစ်ဖြင့် သန့်ရှင်းသောသောက်သုံးရေ အိမ်တိုင်ယာရောက် ရရှိပြီး ယခုကဲ့သို့ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

14-Nov-2025