ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေးမှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုန်းပင်စုကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများသို့ နေကြာ၊ ပဲပုပ်မျိုးစေ့များပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ တောင်သူများအား နေကြာ၊ ပဲပုပ်မျိုးစေ့များနှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ခဲ့ပြီးနောက် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပါကြောင်း၊ မိုးစပါးနွေစပါးဧက(၅၂)သိန်းကျော်နှင့် ပဲမျိုးစုံဧက(၁၆)သိန်းကျော်၊ ဆီထွက်သီးနှံဧက (၄)သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးခြင်းအပြင် ပဲပုပ်ပဲကြီးရောနှော စိုက်ပျိုးခြင်းကိုလည်း ရည်မှန်းချက်ပေးဆောင်ရွက်လျက်ရှိကြောင်း၊ စံပြကျေးရွာဖြစ်သည်နှင့်အညီ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် သီးနှံများပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများကို ဖြစ်ထွန်းအောင်မြင်‌အောင်စိုက်ပျိုးကြရန်” မှာကြားခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ကြောင်း သိရသည်။

14-Nov-2025