ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဓနုဖြူမြို့နယ်၊ တကုတ်ချောင်းကျေးရွာတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တကုတ်ချောင်းကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
ပုသိမ် နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တကုတ်ချောင်းကျေးရွာတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျားချောင်း-တကုတ်ချောင်းဖြတ်လမ်းပေါ်ရှိ တကုတ်ချောင်းကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်တံတားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါကွန်ကရစ်တံတားသည် အရှည်အားဖြင့် ပေ(၈၀) ရှိကြောင်းသိရပြီး ကျေးရွာပေါင်း(၅)ရွာ၊ အိမ်ခြေ(၄၈၆)၊ လူဦးရေ(၂၀၂၉)ဦးကို ဆက်သွယ် အကျိုးပြုသည့် အဓိကတံတား(၁)စင်းဖြစ်ကာ ၎င်းတံတားကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (ပထမပိုင်း)နှင့် အထွေထွေပိုလျှံရန်ပုံငွေဖြင့် (ဒုတိယပိုင်း)ကို အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျားချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် တော်ဝကျေးရွာအခြေခံပညာအထက်တန်းများသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုရှိစေရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးကိစ္စရပ်များကို မှာကြားခဲ့ပြီး ဆရာ၊ ဆရာများက ကျောင်းဆောင်လိုအပ်ချက်များ တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။