ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကုန်းတန်း(မြောက်)ကျေးရွာအုပ်စု၊ မြန်မာစုကျေးရွာတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်
ပုသိမ် နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကုန်းတန်း(မြောက်)ကျေးရွာအုပ်စု၊ မြန်မာစုကျေးရွာတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြူလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူတက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာစုကျေးရွာတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာစုကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ၊ ပဲပုပ်)မျိုးစေ့နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တောင်သူများအား ဆီထွက်သီးနှံနေကြာ၊ ပဲပုပ်မျိုးစေ့နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့် တွေ့ဆုံ၍ “ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်-ပဲကြီး ရောနှော စိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူ ပြုမည်ဖြစ်ပါ ကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းများ ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တောင်သူများကလည်း လိုက်ပါဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သီးနှံများအောင်မြင် ဖြစ်ထွန်းစေရေးအတွက် လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးကြရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်” မှာကြားခဲ့သည်။