ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၅ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၅-၂၀၂၅ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်(နည်းပညာ)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေများသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများပြီး မိုးကာလတွင် သွားလာမှုများ အကန့်အသတ်ဖြင့်ရှိပါကြောင်း၊ တိုင်းဒေသကြီးနေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရှာဖွေပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပညာတတ်များမွေးထုတ်ပေးနိုင်ရန်အတွက် ပညာ‌ရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်စီမံညွှန်ကြားမှုများဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှုမြင့်မားရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ KG+9ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းသို့ ဆက်လက်ပညာ ဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၈)ခရိုင်တွင် တစ်ခရိုင်လျှင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်း ကျောင်း(၁)ကျောင်းဖြင့် စုစုပေါင်း(၈)ကျောင်းဖွင့်လှစ်ထားပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်‌ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အသေးစားလုပ်ငန်းကိုအခြေခံသည့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ အိမ်တွင်းမှုသင်တန်းကျောင်းများတွင် အခြေခံ၊ အဆင့်မြင့်စက်ချုပ်သင်တန်းများအပြင် စီးပွားလုပ်ငန်းတွင် အထောက်အကူပြုမည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် သင်တန်းများဖွင့်လှစ်ပေးနေသည်ကို တွေ့ရပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်းလုပ်ငန်းများကို

(က) ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းစေရန်၊

(ခ ) ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊

(ဂ ) အမျိုးသမီးများနှင့်လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့်ပြည်သူများ ဝင်ငွေတိုးပွားစေရန်၊

(ဃ) ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊

(င ) အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊

(စ ) ဘိန်းအစားထိုးကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်စေပြီး ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်(၆)ခုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းများဖြင့် မိသားစုများ၏ လူမှုစီးပွားဘဝ ဝင်ငွေများတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်း‌ဝင်ငွေတိုးတက်လာပါက တိုင်းဒေသကြီး၏ GDPလည်းတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို တိုင်းဒေသကြီးအနေဖြင့် အောင်အောင်မြင်မြင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်သကဲ့သို့ ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို ရရှိသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မှတ်တမ်းမှတ်ရာများဖြင့် အကျိုးရှိရှိ အသုံးချ ကြရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက စီမံကိန်းသင်တန်းဖွင့်လှစ်ခဲ့သည့် လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင် မြောင်းမြခရိုင်နှင့် ဟင်္သာတခရိုင်တို့တွင် ဆောင်ရွက်ခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင် ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းတွင် အခြေခံနှင့် မွမ်းမံသင်တန်းတက်ရောက်ခဲ့ပြီး ထူးချွန်၍လုပ်ငန်းထူထောင်မည့်သူများ အားဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရာသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)တို့က လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသားများကိုယ်စား လုပ်ငန်းထူထောင်မည့်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး လူသုံးကုန်လုပ်ငန်းထူထောင်မည့်သူများအတွက် ပေးအပ်မည့်ပစ္စည်းများနှင့် တစ်လုံးထိုးဒီဇယ်အင်ဂျင်လုပ်ငန်း ထူထောင်မည့်သူများအတွက် ပေးအပ်မည့်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင်ပြုလုပ်သည့် ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့်ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့၏ ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI ဒီပလိုမာ ပထမနှစ် သင်တန်းများသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်တင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ် သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI ပထမနှစ် သင်တန်းများသို့ တက်ရောက်ရန်အတွက် မောင်မယ်များအား စနစ်တကျစိစစ်ရွေးချယ်ခဲ့ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် သွားရောက်ပညာသင်ကြားဆည်းပူးခွင့်ရသည့် သူများအနေဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးများနှင့်တွေ့ဆုံရမည်ဖြစ်၍ ဆက်ဆံရေးကောင်းမွန်မှု၊ ဖော်ရွေပျုငှာမှု၊ ကူညီရိုင်းပင်းမှုများဖြင့် မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုမြှင့်တင်ကြရန်၊ မိမိတို့ တိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များကိုသိရှိပြီး အချင်းချင်း ဆွေးနွေးဖလှယ် နိုင်ကြမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပညာသင်ယူကြရမည့် တက္ကသိုလ်၊ ကောလိပ်တို့သို့ရောက်သည့်အခါ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆရာ၊ ဆရာမများ၏ ပြောဆိုဆုံးမဩဝါဒစကားကို မြေဝယ်မကျ နားထောင်ကြရန်လိုပါကြောင်း၊ မိမိတို့၏ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်အောင် ကြိုးစားရွက်ဆောင်ကြရန်နှင့် နိုင်ငံတော်၏ သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ချီးမြှင့်ငွေများကို ပေးအပ်ရာကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ပြီး ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် ( ၁၃ )တက် ရောက်မည့်သူ( ၈) ဦးနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI ဒီပလိုမာပထမနှစ်သင်တန်းများသို့တက်ရောက်မည့်သူ(၂၄) ဦး စုစုပေါင်း(၃၂ ) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

13-Nov-2025