ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ( Drum Seeder)ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ( Drum Seeder)ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာမျိုးစေ့များအား တောင်သူများထံပေးအပ်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံဇုန်ကြီးနှစ်ဇုန်အား ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် သတ်မှတ်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် နေကြာစိုက်ဧက(၂)သိန်း(၂) သောင်း(၆)ထောင်အား စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ နေကြာစတင်စိုက်ပျိုးသည့်အချိန်မှ အထွက်နှုန်းများတိုးတက်လာသည်ကိုတွေ့ရပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် နိုဝင်ဘာလတွင် အကောင်းဆုံးဖြစ်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းများ ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)ပေးအပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဟင်္သာတမြို့နယ်သည် ပဲပုပ်-ပဲကြီး ရောနှောစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းသည်ကိုလည်း တွေ့ရပါကြောင်း၊ ဆီဖူလုံရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ ( DrumSeeder)ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများ ရေတိုက်စားကမ်းပြိုမှုမှ ကာကွယ်ရေးအတွက် Geotextile ကမ်းထိန်းတမံတည်ဆောက်ခြင်း အလျား ၅၀၀၀ ပေ လုပ်ငန်းမှ RD 3950 နှင့် RD 4200 ကြား အလျား ၂၅ဝ ပေခန့် ကမ်းပါးပြိုကျမှုအားကြည့်ရှုစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကမ်းပါးပြိုကျမှုများ ထပ်မံမဖြစ်ပွားနိုင်စေရေးအတွက် ကမ်းထိန်းလုပ်ငန်းများအနေဖြင့် Geo Bag အိတ်ကြီးများ ရေထဲပိုင်းချခြင်းလုပ်ငန်းနှင့် မြစ်ရေကျချိန် ဒီဇင်ဘာလတွင် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

12-Nov-2025