ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၅) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၁၀၅) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ဒေသဖွံ့ဖြိုးရန်ပုံငွေ၊ ပြည်သူလူထုထည့်ဝင်ငွေများဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ၄၅၀ပေ၊ အကျယ် ၁၂ပေ၊ ထု၆လက်မရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့၊ ဧရာမင်းခန်းမတွင်ပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံ နေကြာ၊ ပဲပုပ် မျို့စေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးတွင် ပဲပုပ်ပဲကြီးရောနှော၍ ဧကတစ်သိန်းစိုက်ပျိုးရန် တောင်သူလယ်သမားနေ့တွင် စိုက်ပျိုးရေးပညာရှင်များနှင့် ရလာဒ်ဖော်ထုတ် ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် အားလုံးက ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည့်အပြင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် စိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း၊ ပီလောပီနံသည် ဈေးနှုန်းတည်ငြိမ်မှုရှိသောကြောင့် ပီလောပီနံစိုက်ဧကများတိုးချဲ့နိုင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် နေကြာအပြင် ပဲပုပ်ကိုလည်း တိုးချဲ့စိုက်ပျိုးခြင်းဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းများ ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်သီးမှနှစ်သီး နှစ်သီးမှသုံးသီးအထိ စိုက်ပျိုး၍ သီးနှံစိုက်စွမ်းအား တိုးတက်စေရေး အတွက် လိုက်ပါ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊သီးနှံများအောင်မြင် ဖြစ်ထွန်းစေရေးအတွက် လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးကြရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်” မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တောင်သူများအား နေကြာ၊ ပဲပုပ်မျိုးစေ့များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စုရှိ တောင်သူဦးကျော်သူရ၏ ကွင်းအမှတ် (၁၀၂၆-က)၊ ဦးပိုင်အမှတ်(၁၈)တွင် စိုက်ပျိုးထားသည့် ပီလောပီနံ R-72အထွက်ကောင်းသက်လျင်မျိုး၊ R-9 အထွက်ကောင်း/အထားခံသော ပီလောပီနံမျိုး၊ ကျောက်စိမ်းမျိုးများ စိုက်ပျိုးထားရှိမှု၊ ပီလောပီနံကွင်းခြောက်အဖြစ်ဆောင်ရွက်ထားရှိမှုများ၊ ပီလောပီနံကြိတ်စက်လည်ပတ်နေမှုများကို ကြည့်ရှုအားပေးပြီး ဒေသခံပီလောပီနံစိုက် တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပီလောပီနံအား နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပီလောပီနံဈေးကွက်မတည်ငြိမ်မှုများအား ခိုင်မာသည့်ဈေးကွက်ရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပီလောပီနံထုတ်လုပ်မှုတွင် တိုင်းဒေသကြီးသည် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပီလောပီနံအထွက်ကောင်းမျိုးများအား တောင်သူများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရေး မျိုးပွားဖြန့်ဝေဆောင်ရွက်ရန်လိုပါကြာင်း၊ သီးထပ်စွမ်းအားများ တိုးတက်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတို အထွက် ကောင်းမျိုးများ တိုးတက်ထုတ်လုပ်စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပီလောပီနံမှထွက်ရှိသည့်ကုန်ကြမ်းများအား တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရုံ၊ စက်ရုံများတွင် အသုံးပြုနိုင်စေရေးအပြင်တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြည်ပနိုင်ငံများအထိ တင်ပို့နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးပီလောပီနံအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပီလောပီနံအား နိုင်ငံတကာဈေးကွက်အထိ တင်ပို့နိုင်ရေးဆောက်ရွက်ထားရှိမှုများ၊ လူသုံးကုန်နှင့် စားသောက်ကုန်အမျိုးမျိုးတွင် ပီလောပီနံထည့်သွင်း သုံးစွဲမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပီလောပီနံမှထွက်ရှိသည့်ကုန်ကြမ်းများအား တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရုံ၊ စက်ရုံများတွင် အသုံးပြုနိုင်စေရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်း သိရသည်။

12-Nov-2025