ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရိုင်(၈)ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်တွင် သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် သွားရောက်အားပေးကြည့်ရှုများ ဆောက်ရွက်လျက်ရှိပါ ကြောင်း၊ နေကြာစိုက်ပျိုးရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်အခါက ဆီထွက်သီးနှံနေကြာ မျိုးစေ့ထုတ်ခြင်းကို မြန်အောင်ခရိုင်ကို အဓိကထား၍ ဧက(၃)ထောင်ကျော် စိုက်ပျိုးထုတ်လုပ်ခဲ့ပါကြောင်းနှင့် အောင်အောင်မြင်မြင်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆီထွက်သီးနှံဇုန်ကြီးနှစ်ဇုန်အား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် သတ်မှတ်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော စိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူရရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပါ ကြောင်း၊ နေကြာစိုက်ပျိုးရာတွင် နိုဝင်ဘာလတွင် အကောင်းဆုံးဖြစ်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းများ ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တောင်သူများကလည်း လိုက်ပါဆောင်ရွက်ကြရန်လိုအပ်မည်ပါကြောင်း၊ တစ်သီးမှနှစ်သီး နှစ်သီးမှသုံးသီးအထိ စိုက်ပျိုး၍ သီးနှံစိုက်စွမ်းအား တိုးတက်စေရေး အတွက် လိုက်ပါ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊သီးနှံများအောင်မြင် ဖြစ်ထွန်းစေရေးအတွက် လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးကြရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်” မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင်ပြုလုပ်သည့် မြန်အောင်ခရိုင်အတွင်း နယ်ဝေးဒေသများမှလာရောက်၍ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဆရာ၊ဆရာမများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပညာသင်နှစ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်အလိုက်တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးသည် အခြခံပညာကျောင်းဖွင့်လှစ်မှု အများဆုံး၊ ကျောင်းတက်ရောက်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန် အောင်မြင်ရေးအတွက် သင်ခန်းစာများကို စဉ်ဆက်မပြတ်လေ့လာ ကျက်မှတ်နေကြရမည်ဖြစ်ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ဝင်သည့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သည် ပညာရေးနှင့်ပတ်သက်ပါက အောင်ချက်အကောင်းဆုံး ခရိုင်နှင့်မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲသည် အခြေခံပညာမှ အဆင့်မြင့်ပညာကို ကူးပြောင်းသင်ကြားနိုင်ရေးနှင့် ထူးထူးချွန်ချွန်ဖြင့် အောင်မြင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့် အညီ မကြာခင် ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း ၊ တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပြီးသည့် အခါတိုင်း ပြန်လည်သုံးသပ်ခြင်းများကို ဆောက်ရွက်ခဲ့ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့် သင်ကြားသည့် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်ဆွေးနွေးပွဲကို ခရိုင်များအလိုက်ပြုလုပ်ခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ နေထိုင်စားသောက်ရေး အခက်အခဲများပြေလည်စေရန်အတွက် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါကလည်း တင်ပြပေးစေလိုကြောင်း၊ မိမိတို့မြို့နယ်အတွင်း ဆောက်လုပ် နေသည့် ကျောင်းဆောင်များ အချိန်မီပြီးစီးစေရေးအတွက် ကြပ်မတ်ဆောင်ရွက် သွားကြရန်နှင့် လာမည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး၏ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊မိဘ၊ ကျောင်းသားကျောင်းသူများနှင့်တာဝန်ရှိသူ များအားလုံးကြိုးပမ်းဆောင်ရွက်သွားကြရန်” မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြန်အောင်ခရိုင်အတွင်း ရပ်ဝေးဒေသမှ လာရောက်၍ တာဝန် ထမ်းဆောင်လျက်ရှိသည့် ဆရာ/ဆရာမများအား အခြေခံစားသောက်ကုန်ပစ္စည်းပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးပညာရေးမှူး၊ မြန်အောင်ခရိုင်ပညာရေးမှူး၊ ဘာသာရပ်သင် ဆရာ၊ ဆရာမများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်အတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ပဲပုပ်သီးနှံများကို ခေတ်မီဆီသန့်စက်အသုံးပြု၍ ကြိတ်ခွဲထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသည့် မြန်အောင်မြို့၊ စိန်ဝတ်မှုံ(၁)လမ်းရှိ ဦးမင်းဇော်ဦး၏ ဆီကြိတ်စက်သို့သွားရောက်၍ မြေပဲ၊ နှမ်း၊ ပဲပုပ် ဆီများကြိတ်ခွဲထုတ်လုပ်နိုင်ရန် ခေတ်မီဆီသန့်စက် တပ်ဆင်ဆောင်ရွက် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ဆီစက်ပိုင်ရှင်မှ ခေတ်မီဆီသန့်စက်များ ရောက်ရှိတပ်ဆင်နေမှု၊ ဆက်လက်ရောက်ရှိမည့်စက်ပစ္စည်းများနှင့် ဆီကြိတ်ခွဲမှု အဆင့်ဆင့်အားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ပစ္စည်းများအချိန်မီရောက်ရှိတပ်ဆင်ဆောင်ရွက်ရန်နှင့်အောင်မြင်အောင်ဆောင်ရွက်စေရေးနှင့်လိုအပ်သည်များကိုမှာကြားခဲ့သည်။
ဆက်လက်၍ မြန်အောင်မြို့နယ်၊ ညောင်မြစ်ဆွဲကျေးရွာ၊ တောင်သူဦးဝင်းစိုး၏ စိုက်ဧက(၁)ဧကတွင် Super Sun-41 ဆောင်းနေကြာစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး ပေါင်းလိုက်ဆောင်ရွက်နေမှုများစနစ်တကျဆောင်ရွက်စေရေး၊ ပိုးမွှားအန္တရာယ် မကျရောက်စေရေး ရေ၊ မြေဩဇာ အချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။ ယင်းနောက် ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်း(မိုင်၂၀/၄-၆၅/၂ ၄၄မိုင်၆ဖာလုံ တွင် ၁၈ပေအကျယ်ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ၁၈ပေအကျယ် ကတ္တရာလမ်း အနိမ့်အမြင့်ညှိခြင်း၊ Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ၅၆/၄ မိုင်မှ ၅၇/၀ မိုင်အထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်း(၄)ဖာလုံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အတွက် လူအင်အား၊ စက်အင်အားများဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ ဆောင်ရွက်ရန်မှာကြားခဲ့သည်။