တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့် လုပ်ငန်း(၂၇၁)ခုအနက် လုပ်ငန်းစတင်နိုင်ခြင်းမရှိသည့် (ဝ)%ကျောင်း နှင့် (၂၅)% အောက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကျောင်းများ၏ တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၁

၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့် လုပ်ငန်း(၂၇၁)ခုအနက် လုပ်ငန်းပြီးဆုံးမှုရာခိုင်နှုန်းနည်းနေသည့်တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းပေါင်း(၇)ထောင်ကျော် ဖွင့်လှစ်လျက်ရှိပြီး ကျောင်းဆောင်လိုအပ်ချက်များ အပေါ် နှစ်အလိုက်ဘဏ္ဍာရန်ပုံငွေခွဲဝေချထားပေးခဲ့ပါကြောင်း၊ အဆောက်အဦ များကို တာဝန်ယူဆောက်လုပ်ရာတွင် ဆောက်လုပ်သည့်ကုမ္ပဏီများ အနေဖြင့် အရည်အသွေး အကောင်းဆုံးဖြစ်စေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထား ဆောင်ရွက်သွားရန်လိုပါကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရန်အခက်အခဲများ ရှိပါက အချိန်မီတင်ပြရန်လိုပါကြောင်းနှင့် အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာကြရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများက မိမိတို့မြို့နယ်အတွင်းဆောက်လုပ်နေသည့် ကျောင်းများနှင့်ပတ်သက်၍ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် တာဝန်ယူဆောက်လုပ်ရသည့်ကုမ္ပဏီများအနေဖြင့် အဆောက်အဦ များအား အရည်အသွေးကောင်းကောင်းဖြင့် အချိန်မီတည်ဆောက် သွားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့တာဝန်ယူဆောက်လုပ်သည့် အဆောက်အဦများကို အရည်အသွေးရှိရှိ စေတနာထား ဆောက်လုပ်ပေးကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များက တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများရှင်းလင်းတင်ပြခဲ့ကြားသည်။

11-Nov-2025