ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာတွင်ပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆီထွက်သီးနှံ(နေကြာ၊ ပဲပုပ်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများအား နေကြာ(ရေဆင်းစပ်မျိုးနေကြာ-၁) မျိုးစေ့များနှင့် ပဲပုပ်မျိုးစေ့များအား တောင်သူများထံပေးအပ်ခဲ့ပြီးနောက် တောင်သူဦးသိန်းထွေး၏ စိုက်ဧက(၂)ဧကတွင် နယူးဧရာ-၁၁ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းရာတွင် တစ်ဧကထွက်ရှိသည့် အထွက်နှုန်းများ၊ စပါးကုန်သည်များလာရောက်ဝယ်ယူမှု၊ ဈေးရရှိမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး စပါးစိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာ၊ ပဲပုပ်များအား ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုပါကြောင်း၊ နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော စိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူရရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ရိတ်သိမ်းပြီးစပါးများ အရည်အသွေးမကျစေရေး၊ ဈေးကွက်တွင်ဈေးကောင်းရရှိရေး၊ လေလွင့်မှုမရှိစေရေးအတွက် စပါးအခြောက်ခံစက်များဖြင့် အသုံးပြုနိုင်စေရေးအတွက် တောင်သူများ စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ သီနှံစိုက်စွမ်းအား သီးထပ်စွမ်းအားနှင့် စိုက်ပျိုးရေး လုပ်ငန်းများကိုပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်သွားရန် တောင်သူဦးကြီးများကလည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းမှာကြားခဲ့သည်။