ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပန်းနော်မြို့နယ်၊ Global Earth Agro & Aqua Industry Public Co., Ltdတွင် ပုသိမ်တက္ကသိုလ်မှ Economic ဘာသာရပ်နှင့် Zoology ဘာသာရပ်တို့မှ Internship ဆင်းလာကြသော ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး
ပုသိမ် နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာ အုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ပုသိမ်တက္ကသိုလ်မှ Economic ဘာသာရပ်နှင့် Zoology ဘာသာရပ်တို့မှ Internship ဆင်းလာကြသော ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ Global Earth Agro & Aqua Industry Public Co., Ltd သည် ရေကြီးကွင်းရေနက်ကွင်းများအား ငါးမွေးကန်အဖြစ် အကောင် အထည်ဖော်ဆောင်ရွက်၍ ငါးတန် ငါးသားဖောက်ခြင်း၊ ငါးမွေးမြူခြင်း၊ ငါးအစာထုတ်လုပ်ခြင်း၊ အေးခဲခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ Biomass လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းများနှင့် ဆက်စပ်သော လုပ်ငန်းများ၊ စပါးခွံလောင်စာသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများတည်ဆောက်လျက်ရှိပါကြောင်း၊ ငါးမွေးကန်များကိုအခြေခံ၍ အခြေခံအဆောက်အဦများလည်း ပေါ်ထွန်းလာပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ မိုးစပါး၊ နွေစပါး (၅၂)သိန်းကျော်၊ ဆီထွက်သီးနှံဧက(၃)သိန်းကျော် စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ကြက်၊ ဝက်၊ ဘဲ မွေးမြူရေးလုပ်ငန်းများအပြင် ရေချို၊ ရေငန် ငါး၊ ပုစွန်၊ ဂဏန်း မွေးမြူရေးလုပ်ငန်းများ၊ အင်းလုပ်ငန်းများဖြင့်မွေးမြူရေးလုပ်ငန်းများလည်းအောင်မြင်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်ပါက မအူပင်ခရိုင်သည် ငါးမွေးမြူရေးကန်အများဆုံးရှိသည့် ခရိုင်တစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ရေသယံဇာတ၊ မြေသယံဇာတများအပြင် လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltd သည် စက်ရုံပထမအဆင့်တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ လုပ်ငန်းလည်ပတ်ရာတွင် လိုအပ်သည့်ဝန်ထမ်းဦးရေအား ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ရှိသည့် တက္ကသိုလ်ကောလိပ်သိပ္ပံများမှဘွဲ့ရရှိသူများအပြင် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း အောင်မြင်သူများကိုလည်း အလုပ်ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကွင်းဆင်းလေ့လာစဉ်ကာလအတွင်း စနစ်တကျလေ့လာမှတ်သားကြရန်နှင့်အကျိုးရှိစွာပြန်လည်အသုံးချနိုင်ရေး ဆောင်ရွက်ကြရန် ” အမှာစကားပြောကြားသည်။
ထို့နောက် ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငါးတန် ငါးသားဖောက်ခြင်း၊ ငါးမွေးမြူခြင်း၊ ငါးအစာထုတ်လုပ်ခြင်း၊ အေးခဲခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ Biomass လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းများနှင့် ဆက်စပ်သော လုပ်ငန်းများ၊ စပါးခွံလောင်စာသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများမှ ထွက်ရှိမည့် စွန့်ပစ်ပစ္စည်း များမှ ဇီဝမြေသြဇာထုတ်လုပ်မည့် အခြေအနေများနှင့် စီမံကိန်းလုပ်ငန်းများ ပထမအဆင့်တည်ဆောက်ပြီးစီးမည့် ကိစ္စရပ်များရှင်းလင်းပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။