ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော် နိဗ္ဗာန်ဈေးဖွင့်ပွဲကျင်းပ
ပုသိမ် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲအား ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ရေဆင်းတန်ဆောင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပုသိမ်မြို့ပေါ်ရှိပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက်၏ ပဓာနနာယဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ)ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နဂါးစာကျွေးခြင်းနှင့် ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီးအား ဖောင်တော်သို့ပင့်ဆောင်ပူဇော်ခဲ့ပြီး ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ် ဖောင်တော်အား ရေမျှောကုသိုလ်ပြု ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တန်ဆောင်တိုင်ဆီမီးမျှောပူဇော်ပွဲနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများစုပေါင်း လှူဒါန်းသည့် နိဗ္ဗာန်စျေးပွဲတော်ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ်ရပ်ကွက်များမှပြည်သူများ၏ နိဗ္ဗာန်ဈေးဖွင့်လှစ်၍ စတုဒီသာကျွေးမွေးနေမှုများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများနှင့်အတူ နိဗ္ဗာန်ဈေးပွဲတော်အာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ဆီမီး(၁၅၀၀၀)ဖြင့် ငဝန်မြစ်အတွင်းဆီမီးမျှောပူဇော်ခြင်း၊ မီးပုံးများလွှတ်တင်ပူဇော်ခြင်းများနှင့် မီးရှုးမီးပန်းများပစ်ဖောက်ခြင်းများနှင့်အလှမီးများတပ်ဆင်ထားရှိမှုများအားကြည့်ရှုအားပေးခဲ့ပြီး ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ အရုပ်စုံမီးပုံး၊ ၁၂ပေမီးပုံး၊ ၈ပေမီးပုံးနှင့် မီးပုံးပျံကြီးများအား လွှတ်တင်ခဲ့ကြသည်။ ဆက်လက်၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ စိတ်အပန်းဖြေနိုင်ရန်အတွက် နိုင်ငံကျော်တေးသံရှင်များ၊ ရုပ်ရှင်သရုပ်ဆောင်များက တေးသီချင်းများဖြင့်သီဆိုဖျော် ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တန်ဆောင်တိုင်ပွဲတော်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ စိတ်အပန်းဖြေနိုင်ရန်အတွက် နိုင်ငံကျော်တေးသံရှင်များ၊ ရုပ်ရှင်သရုပ်ဆောင်များက ၂ရက်နေ့မှ ၄ရက်နေ့ ညစဉ် တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးအား ဆီမီး(၁၅၀၀၀)ဖြင့် ငဝန်မြစ်အတွင်းဆီမီးမျှောပူဇော်ခြင်း၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊လုပ်ငန်းရှင်များ၊ မြို့ပေါ်ရပ်ကွက်များမှပြည်သူများ စုပေါင်း၍ နိဗ္ဗာန်စျေး စတုဒီသာမဏ္ဍပ်(၈၆)ခုဖြင့် စား သောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခြင်း၊ မီးပုံးများလွှတ်တင်ပူဇော်ခြင်းများနှင့် မီးရှုးမီးပန်းများပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့ရာ လာရောက်လည်ပတ်သူများနှင့်စည်ကားလျက်ရှိပြီး မီးပုံးများအား ဌာနဆိုင်ရာများနှင့် အတူတကွစုပေါင်း၍ ပျော်ရွှင်စွာလွှတ်တင်ခြင်း၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်းများ၊ ဖျော်ဖြေရေးအစီအစဉ်များအား အားပေးခြင်းများနှင့် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဘုရား၊ စေတီ၊ ပုထိုးများ၊ အထင်ကရနေရာများတွင်လည်း ဆီမီးပူဇော်ခြင်းများ၊ တရားပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားသိုက်မြိုက်စွာနှင့်အေးချမ်းပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။