ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၈)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်

ပုသိမ် နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၈)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ် ယှဉ်ပြိုင်ပွဲအခမ်းအနားအား ယမန်နေ့ ညနေပိုင်းက ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချူပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် မသိုးသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်မည့် ရက်ကန်းပညာရှင် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီးတန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပူဇော်ကာ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမျှော်ကြည်ညို၍ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ်မည့် ယာယီမဏ္ဍပ်သို့ ရောက်ရှိပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နှစ်စဉ်နှစ်တိုင်း ရက်ကန်းစင်တော်များကို တိုးချဲ့၍ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ် ယှဉ်ပြိုင်ဆောင်ရွက်၍ မသိုးသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မာရဝိဇယစေတီတော်မြတ်ကြီးတွင် ပြုလုပ်သည့် ရက်ကန်းရက်ပြိုင်ပွဲတွင် လည်းကြိုတင်ပြင်ဆင် ရွေးချယ်၍ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ တန်ခိုးကြီးဘုရားများတွင်လည်း မသိုးသင်္ကန်းများ ရက်ခတ်ယှဉ်ပြိုင်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် ရက်ခတ်ထားသည့် မသိုးသင်္ကန်းများကို ကပ်လှူပူဇော်ကြမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် မသိုးသင်္ကန်းများကို ရက်ခတ်ယှဉ်ပြိုင်လျက်ရှိပါကြောင်း၊ မသိုးရွှေကြာသင်္ကန်း ရက်ကန်းရက်ပြိုင်ပွဲကျင်းပရခြင်းသည် ရက်ကန်းပညာ မတိမ်ကောရန်နှင့် ဝါလကင်းလွတ်၊ သီတင်းကျွတ်၍ ကထိန်မာသ တန်ဆောင်မုန်းလတွင် မသိုးရွှေကြာသင်္ကန်းတော်ကို ယှဉ်ပြိုင်ရက်ခတ်ကြပြီး ရရှိလာသော မသိုးရွှေကြာသင်္ကန်းတော်များဖြင့် ရွှေမုဋ္ဌောမဟာစေတီတော်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား မသိုးရွှေကြာသင်္ကန်းတော်များဖြင့် လွှမ်းခြုံပူဇော် ဆက်ကပ်လှူဒါန်းဖို့ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရိုးရာအမွှေအနှစ်ကို ထိန်းသိမ်းကြရန်နှင့် အကောင်းဆုံး ယှဉ်ပြိုင်ကြရန်လိုပါကြောင်း၊ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ်ပြိုင်ပွဲတွင် ပါဝင်ရက်ခတ်ယှဉ်ပြိုင်ကြမည့် ရက်ကန်းစင်တော်တော်များမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က မသိုးသင်္ကန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ယှဉ်ပြိုင်ရက်ခတ်ကြမည့် ရက်ကန်းပညာရှင်များက သတ်မှတ်စင်တော်များ၌နေရာယူကြကာ မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများအား ဒိုင်အဖွဲ့ဝင်တစ်ဦးက ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်္ဂလာအချိန်တွင် မင်္ဂလာရွှေမောင်းတီး၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိများက မသိုးသင်္ကန်းယှဉ်ပြိုင် ရက်ခတ်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၈)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲတွင် ပိတောက်စင်တော်၊ ဇလပ်စင်တော်၊ ကံ့ကော်စင်တော်၊ ဒေါနစင်တော်၊ နှင်းဆီစင်တော်၊ ဇီဇဝါစင်တော်၊ ခတ္တာစင်တော်၊ အင်ကြင်းစင်တော်၊ စံပယ်စင်တော်စသည့် ရက်ကန်းစင်တော်(၉)စင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘုရားဖူးလာ ရောက်ကြသူများ မသိုးသင်္ကန်းယှဥ်ပြိုင်ရက်ခတ်မှုများအား လာရောက်ကြည့်ရှုလေ့လာသူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

04-Nov-2025