ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ်တွင်ပြုလုပ်သည့် မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြို့နယ်၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတွင် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းမွှေးအား ပြည်ပတင်ပို့နိုင်ရေး Export Zone အတွင်း ထည့်သွင်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းစပါးမျိုးများအပြင် ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များကိုလည်း စိုက်ပျိုးလျက်ရှိရာ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းများကိုပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကြဲခင်းများပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တောင်သူများကလည်း လိုက်ပါဆောင်ရွက်ကြရန်လိုအပ်မည်ပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော စိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူရရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ မြောင်းမြခရိုင်သည် စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းသည့် ခရိုင်ဖြစ်သဖြင့် တောင်သူများအနေဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ပဲပုပ်မျိုးစေ့များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပဲပုပ်မျိုးစေ့နှင့် ပဲကြီးမျိုးစေ့များကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက ပဲပုပ်မျိုးစေ့နှင့် ရေဆင်းစပ်မျိုးနေကြာ(၁)မျိုးစေ့များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မျိုးစေ့ချကိရိယာ(Drum Seeder)များအား လိုက်လံကြည့်ရှုခဲ့ပါသည်။