ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုသောအားဖြင့် ငပုတောမြို့နယ်၊ သဲကုန်းကြီး-ဆင်ကူးကြီးကျောက်ချောလမ်းသစ်အားတက်ရောက်ဖွင့်လှစ်၊ ငပုတောမြို့နယ်၊ သဲကုန်းကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လူပုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)များသို့ သွားရောက်၍ စာသင်ဆောင်များကြည့်ရှုစစ်ဆေး
ပုသိမ် နိုဝင်ဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သဲကုန်းကြီး-ဆင်ကူးကြီးကျောက်ချောလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုလမ်းသစ်တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်တို့သည် တာဝန်ရှိသူများအတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ သဲကုန်းကြီး-ဆင်ကူးကြီးကျောက်ချောလမ်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်ချောလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည်(၃.၁၂)ဖာလုံ၊ လမ်းအကျယ်(၁၆)ပေရှိကြောင်းနှင့် အကျိုးပြုကျေးရွာ(၁၆) ရွာ၊ အကျိုးပြုအိမ်ခြေ(၂၉ဝ၂)အိမ်၊ အကျိုးပြုလူဦးရေ(၁၆၁၁၃)ရှိမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ သဲကုန်းကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လူပုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ညောင်ဝိုင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များသို့ သွားရောက်၍ စာသင်ဆောင်များကြည့်ရှုစစ်ဆေးကာ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုရှိစေရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများကို အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ယင်းနောက် ဆရာ၊ ဆရာမများက စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုရှိစေရေးဆောင်ရွက်ထားရှိမှုများ၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျောင်းဆောင်လိုအပ်ချက်များနှင့် ဝန်ထမ်းအိမ်ရာလိုအပ်ချက်များ တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများနှင့် ဒေသခံကရင်တိုင်းရင်းသားရိုးရာအကအဖွဲ့ကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။