တိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်

ပုသိမ် နိုဝင်ဘာ ၁

၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများ တွင် ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးပညာ သာမက ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ အားကစားသမားများကိုလည်း မွေးထုတ်ပေးရမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ပြီး တိုင်းဒေသကြီး အဆင့်(၈)ခရိုင် (က)အုပ်စုအသင်း(၄)သင်းနှင့် (ခ)အုပ်စုအသင်း(၆)သင်း စုစုပေါင်း(၁၀)သင်းဖြင့် ဘင်ခရာပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဘင်ခရာပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် သည် အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ် ဘင်ခရာတီးဝိုင်း များ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ မျိုးဆက်သစ်ကျောင်းသားလူငယ် ဘင်ခရာတီးဝိုင်းများ ပေါ်ထွက် လာစေရန်၊ ကျောင်းသားလူငယ်များ စည်းကမ်းစနစ်ကို တိကျစွာလိုက်နာ တတ်စေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန် ထက်မြက် လာစေရန်၊ အားကစားနှင့် ကာယပညာလုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများတွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ် ဖွံ့ဖြိုး လာရန်တို့ပဲ ဖြစ်ပါကြောင်းနှင့် ၎င်းရည်ရွယ်ချက်များနှင့်အညီ ကျင်းပတဲ့ တိုင်းဒေသကြီးအဆင့် ဘင်ခရာပြိုင်ပွဲကနေပြီး မျိုးဆက်သစ်ကျောင်းသားလူငယ်များနှင့် ဘင်ခရာ အသင်းများ ထပ်မံပေါ်ပေါက်လာပြီး အခမ်းအနားများ၊ အားကစား ပြိုင်ပွဲများတွင် ကိုယ်တိုင်တီးမှုတ်ဖျော်ဖြေနိုင်သူများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ဘက်စုံထူးချွန် ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ပေးသည့် အစီအစဉ်များကို စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိပါ ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်၏ ကျေးဇူးတရားကို သိတတ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အားထားရသည့် သားကောင်း ရတနာများဖြစ်လာအောင် အစဉ်လေ့လာကြိုးစားကြရန်လိုပါကြောင်း” အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက်ချီးမြှင့်ငွေပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြိုင်ပွဲဝင်ဘင်ခရာအသင်းများအား နှုတ်ဆက်ခဲ့ပြီးနောက် ဘင်ခရာအသင်းများက ဝန်ကြီးချုပ်အား အလေးပြုကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်ဘင်ခရာအသင်းများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်သည့် ၂ဝ၂၅- ၂ဝ၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အုပ်စု(ခ)ဘင်ခရာပြိုင်ပွဲတွင် အထူးဆုရရှိသည့် အသင်းများအား တိုင်းဒေသကြီးပညာရေးမှူးကလည်းကောင်း၊ အုပ်စု(က) ဘင်ခရာပြိုင်ပွဲတွင် အထူးဆုရရှိသည့် အသင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အုပ်စု(ခ)ဘင်ခရာပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖျာပုံခရိုင်အသင်း၊ ဒုတိယဆုရရှိသည့်ကျုံပျော်ခရိုင်အသင်း၊ တတိယဆုရရှိသည့် မအူပင်ခရိုင်အသင်းနှင့် အုပ်စု(က)တွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်း၊ ဒုတိယဆုရရှိသည့် ဟင်္သာတခရိုင်အသင်းနှင့် တတိယဆုရရှိသည့် မြန်အောင်ခရိုင်အသင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(ဧရာဝတီ)မှ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိ-မရဲ့အုန်းပင်စုလမ်းမိုင်(ဝ/ဝ-ဝ/၁) (ဝကီလိုမီတာ-၀.၂၀၁ ကီလိုမီတာ) အတွင်းရှိတံတားအမှတ်(၁/၁)၊ ကားလမ်းဘေးမြောင်းတံတား (၃၀'x၁၀') ကွန်ကရစ်တံတားမှ(၃ဝ)ပေ(၉.၁၄မီတာ)အရှည်(၂ဝ)ပေ(၆.၁မီတာ)အကျယ်သံကူ ကွန်ကရစ် တံတား (၁)စင်းတည်ဆောက်ခြင်း (ပထမပိုင်း)လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းငွေကျပ်(၁၅၀)သိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ် (၈၅)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၂၀၀)သိန်းစုစုပေါင်းငွေကျပ်(၄၃၅)သိန်းနှင့် (အလျား ၄၀ ပေ၊ အနံ၂၀ပေ၊ အမြင့် ၁၂ပေ)တို့ဖြင့် ကျေးရွာကော်မတီမှ ဆောင်ရွက်သည့်(ရွှေအုန်းပင်)ကျေးရွာဘက်စုံသုံးခန်းမ ဖွင့်ပွဲအခမ်းအနားအား တင်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ခန်းမအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာ စက်မှုလယ်ယာ စနစ်ကျ စံပြလယ်ယာမြေ ဧက(၁၀၀)ရှိ လယ်မြေ (၁၀) ဧကတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းနေမှု အားကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ လယ်မြေ (၆) ဧက တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါး နယူးဧရာ-11 မျိုးစပါးအား မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးစိုက်ပျိုးနေမှုအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသော ပေါ်ဆန်း(၁၁)မျိုးစမ်းသပ်ကွက်အားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး စပါးစိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန်၊ စိုက်ပျိုးရေး လုပ်ငန်းများကိုပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်သွားရန်တို့ကိုမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ကော်ဖီပျိုးပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်၍ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်အတူကော်ဖီပျိုးပင်( ၃၀၀)ကို စိုက်ပျိုးပေးခဲ့ပြီးကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်း အောင်မြင်အောင်စိုက်ပျိုးနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စရပ်များကို မှာကြားခဲ့ပြီးနောက် မရဲ့အုန်းပင်စုကျေးရွာအလယ်တန်းကျောင်းသို့သွားရောက်ကာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း( Clean and Green School )ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ဆရာမ များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာတွင် ပြုလုပ်သည့် (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်တို့သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြောင်းသိရသည်။

01-Nov-2025