ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ (ပန္နရသမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

ပုသိမ် အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ (ပန္နရသမ) အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ) မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုကြသည်။

ဆက်လက်၍ ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့်စပ်လျဉ်းသည့် အမေး(ကထိနပုစ္ဆာ)ကို မိဂဒါဝုန်ကျောင်းတိုက် တတိယနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တအရိယဉာဏ၊ တိုင်းဝိနည်းဓိုရ်၊ သာသနာ့ဓဇဓမ္မာစရိယ၊ ဝိနယဝိဓူ(B.Sc, M.Sc,MA.Ph.D) (အိန္ဒိယ) (မဟာကမ္မဋ္ဌာနာစရိယ) အရှင်သူမြတ်ကမေး၍ (ကထိနဝိသဇ္ဇနာ) ကထိန်ခင်းခြင်းအဖြေကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိဿရ (MA.Ph.D) (India) (မဟာသဒ္ဒမ္မ ဇောတိကဓဇ)အရှင်သူမြတ်မှ ဖြေကြားတော်မူသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ ပုရိမဝါမှထတော်မူကြသည့် သံဃာတော်များကိုယ်စား ညောင်ပင်သာကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံ ကထိန်လျာ ဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ပင့်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း၊ သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပုသိမ်မြို့၊ ရွှေမစိုးရိမ် ကျောင်းတိုက်ဆရာတော် (မဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ယင်းနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပန္နရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင် (၉၆) ခုရှိပြီး ပစ္စည်းတန်ဖိုး (၃၁,၀၇၉,၇၂၀) ကျပ်နှင့် ငွေသားတန်ဖိုး (၅၄,၄၇၉,၅၀၀)ကျပ် စုစုပေါင်းတန်ဖိုး (၈၅,၅၅၉,၂၂၀)ကျပ်ရှိကြောင်းသိရှိရသည်။

31-Oct-2025