ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၍ ဆန်ဆီများ ထောက်ပံ့ပေးအပ်

ပုသိမ် အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ လေးမျက်နှာမြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂) သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများတွင် အခြားသောတိုင်းဒေသကြီးနှင့်ပြည်နယ်မှ လာရောက်သူများရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီး မှပြည်သူများလည်းပါဝင်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ (၃၀)ရက်နေ့မှ ကပ်ထားကြေညာလျက်ရှိပြီး မဲစာရင်းတွင်မပါဝင်ခြင်း၊ အချက်အလက်များ မှားယွင်းခြင်းများဖြစ်ပေါ်ပါက သက်ဆိုင်ရာပုံစံများနှင့်အတူလျှောက်ထားစေရေးနှင့် မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများနှင့် အသိပညာ ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ရှိမှသာ မဲပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များရရှိရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအနေဖြင်လည်း မိမိတို့၏အခက်အခဲများကို တင်ပြပေးကြစေလို ကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လေးမျက်နှာ မြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် ဆီများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်အားကစားခန်းမ တွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိသည့်နေရာများတွင် မဲပေးနိုင်ရေးအတွက်လည်း စနစ်တကျစီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ ခရီးလွန်ပြည်သူများပြန်လည်ရောက်လာပါက မဲစာရင်းတွင်ပါရှိစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မဲစာရင်းပါရှိစေရေးအလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ တာဝန်ရှိသူအားလုံးက စနစ်တကျ စီမံဆောင်ရွက်မှသာ မဲပေးခွင့်ရှိသူအားလုံးပါဝင်မည်ဖြစ်ပါကြောင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင်ပါဝင်သည့် ဌာနဆိုင်ရာများကလည်း အသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ညွှန်ကြားရေးမှူးတို့က အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေ မှုအခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရေကြည်မြို့နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအား ဆန်နှင့် ဆီများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

31-Oct-2025