တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းဆင်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ် အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်)တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံတော်အကြီးအကဲက မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးအတွက် ရည်ရွယ်ပြီး အဆင့်မြင့်ရေကူးကန် တည်ဆောက်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ရာ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေမည့် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းများ ဖွင့်လှစ်ပေးနေခြင်းသည် အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု မြင့်မားလာစေခြင်းအပြင် အရေးကြုံက သက်လုံကောင်း စေရန်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းက ရရှိသည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက် လေ့လာလိုက်စားရင်း လာမည့် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများရရှိအောင် ကြိုးစားကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်မှသည် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားကြရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအားသင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ အမျိုးသားU-12 မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသားမီတာ(၅၀)ပက်လက်ကူးပြိုင်ပွဲ၊ အမျိုးသားမီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ အမျိုးသားမီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသား မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲနှင့် အမျိုးသားဒိုင်ဗင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ နည်းပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အမျိုးသမီးမီတာ(၅၀) လက်ပစ်ကူးပြိုင်ပွဲ၊ အမျိုးသမီးမီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ အမျိုးသမီးမီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသမီးမီတာ(၅၀)အလွတ်ကူးပြိုင်ပွဲ၊ အမျိုးမီးဒိုင်ဗင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဒေသကြီးတရားကြီးချုပ်နှင့် တိုင်း‌ဒေသကြီးဥပဒေချုပ်တို့ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းသားများ၏ ရေကူးနှင့် ဒိုင်ဗင်သရုပ်ပြသမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းနှင့် သင်တန်းကို ယခုလ (၁၀)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။

ထို့နောက်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပန္နရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပရန်အတွက် ဌာနဆိုင်ရာအသီးသီးမှ ပို့ဆောင်ကြသည့် ပဒေသာပင်များနှင့် ရပ်ကွက်နေ ပြည်သူများမှ ပို့ဆောင်သည့် ပဒေသာပင်များအား ပုသိမ်မြို့အတွင်းသို့ လှည့်လည်ခြင်းကို ယ​နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်မှ စတင်ကာ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလမ်း၊ ပုသိမ်-ရန်ကုန်လမ်းမကြီးတစ်​လျောက် ဖျော်ဖြေရေးအဖွဲ့ များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြပြီး ပန္နရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပမည့် သာသနာ့ဗိမာန်တော်ကြီးသို့ ပဒေသာပင်များအား ပို့ဆောင်ခဲ့ကြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း၊ တိုင်းေဒသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကြည့်ရှုအား​ပေးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပန္နရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင် (၉၆) ခုရှိပြီး ပစ္စည်းတန်ဖိုး (၃၁၀၇၉၇၂၀)ကျပ်သိန်း နှင့် ငွေသားတန်ဖိုး (၅၄၄၇၉၅၀၀) ကျပ်သိန်း စုစုပေါင်းတန်ဖိုး (၈၅၅၅၉၂၂၀) ကျပ်သိန်းရှိကြောင်းသိရှိရသည်။

30-Oct-2025