ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၄.၇.၂၀၁၈)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှိ သံဃာတော်များနှင့် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် (၁၈၇)ကျောင်းနှင့် သီလရှင်စာသင်တိုက်တို့အား သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပုသိမ်မြို့၊ ကုန်းသာကျောင်းတိုက် ပဓာန နာယကဆရာတော်၊ ဘဒ္ဒန္တဝိလာဘ (အဂ္ဂမဟာပဏ္ဍိတ)အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။ ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံနှင့်လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ပါသည်။

21-Aug-2018