ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လမင်းတရာဘက်စုံပရဟိတဆရာတော်၊ ဘဒ္ဒန္တစန္ဒာသိရီ၏ အန္တိမအဂ္ဂိဈာပန သာဓကိဠနပူဇာသဘင်ဆင်ယင်ကျင်းပနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်း

ပုသိမ် အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပုသိမ်မြို့၊ အမှတ် (၈) နယ်မြေ၊ သရောင်းချောင်းလမ်း၊ အဘယသီဝံရွှေကျင်တိုက်သစ်ကျောင်းတိုက်သို့သွားရောက်၍ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၃) ရက်၊ (၂၃. ၁၀. ၂၀၂၅) ကြာသပတေးနေ့၊ နံနက် (၉း၃ဝ) နာရီတွင် ဘဝနတ်ထံစံလွန်တော်မူခဲ့ပြီးဖြစ်သည့် အဘယသီဝံရွှေကျင်တိုက်သစ်ကျောင်းတိုက်နှင့် မဟာသီဝံသာမဏေကျော်စာသင်တိုက်တို့၏ ဦးစီးပဓာန နာယက၊ ဧရာဝတီတိုင်း ဘိုးဘွားရိပ်သာ၏ အကျိုးတော်ဆောင်နာယက၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) နှင့် ဧရာဝတီတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဩဝါဒါစရိယ၊ မြန်မာ့ပရဟိတအလင်းရောင်ဗုဒ္ဓသာသနာပြုအသင်း၊ မြန်မာနိုင်ငံတော်၏ ဩဝါဒါစရိယအဖွဲ့ဝင်၊ အဂ္ဂမဟာပရဟိတဓရ၊ မဟာဓမ္မဂဟာဟိတဓရ၊ ကမ္ဘာ့ဗုဒ္ဓဂုဏ်ရည်ထူးချွန် (အိန္ဒိယ)၊ မြန်မာ့ပရဟိတ သာသနာပြုဂုဏ်ထူးဆောင်၊ ထိုင်းဘုရင်မင်းမြတ်တော်ဝင် မိသားစု၏ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော် နှင့် (၄) နိုင်ငံသာသနာပြုဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တော်ရ ပုသိမ်မြို့၊ လမင်းတရာဘက်စုံပရဟိတဆရာတော်၊ သက်တော် (၅ဝ) နှစ်၊ သိက္ခာတော် (၃၀) ဝါရှိ ဘဒ္ဒန္တစန္ဒာသိရီ၏ ဥတဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့သည်။

ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဆက်လက်ဖူးမြော်ကြည်ညိုခဲ့ပြီး အန္တိမအဂ္ဂိဈာပန သာဓကိဠနပူဇာသဘင်ဆင်ယင်ကျင်းပနိုင်ရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ လမင်းတရာဘက်စုံပရဟိတဆရာတော်၊ ဘဒ္ဒန္တစန္ဒာသိရီ၏ အန္တိမအဂ္ဂိဈာပန သာဓကိဠနပူဇာသဘင်ဆင်ယင်ကျင်းပနိုင်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တပည့်သာဝကများ၊ အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လမင်းတရာဘက်စုံပရဟိတဆရာတော်၊ ဘဒ္ဒန္တစန္ဒာသိရီ၏ အန္တိမအဂ္ဂိဈာပန သာဓကိဠနပူဇာသဘင် ဆင်ယင်ကျင်းပနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

25-Oct-2025