ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျောင်းကုန်းမြို့နယ်၊ အရှေ့ကျွဲလမ်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် သမဝါယမထက်ဧရာ ဓာတ်မြေသြဇာ (အရော )စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ကျောင်းကုန်းမြို့နယ်၊ အရှေ့ကျွဲလမ်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် သမဝါယမထက်ဧရာ ဓာတ်မြေသြဇာ (အရော )စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အခမ်းအနားအား ဖွင့်လှစ်ကာ စက်ရုံအတွင်း ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမထက်ဧရာ ဓာတ်မြေသြဇာ (အရော )စက်ရုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော သမဝါယမအသင်းသားများသို့ အသေးစားအရင်းအနှီးချေးငွေ၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းချေးငွေ၊ လယ်ယာသုံးစက်ကိရိယာများနှင့် မျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်းများသို့ မိုးစေ့ထုတ်လုပ်ရေး ချေးငွေပေးအပ်ပွဲသို့ တက်ရောက်ပြီး ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်တဲ့ သမဝါယမထက်ဧရာ ဓာတ်မြေသြဇာ (အရော )စက်ရုံဟာဆိုရင် တိုင်းဒေသကြီးအတွက် စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော ဓာတ်မြေသြဇာ အချိုးများကိုလည်း ရောစပ်ထုတ်လုပ်ဖြန့်ဖြူးပေးမှာ ဖြစ်တဲ့အတွက် လယ်သမားများအတွက် အကျိုးရရှိမည့် စက်ရုံဖြစ်ပါကြောင်း၊ စျေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သော အရေအတွက် ပြည့်ဝသော ဓာတ်မြေသြဇာများကို ထုတ်လုပ်ဖြန့်ဖြူးပေးပါလို့ မှာကြားလိုကြောင်း၊ သမဝါယမလုပ်ငန်းများ အောင်မြင်ဖို့ ကျင့်ဝတ်တွေဖြစ်တဲ့ ရိုးသားပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓာတ်ရှိခြင်း၊ အများအကျိုးကို အလေးထားခြင်းတို့ကို အခြေခံပြီး ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းစတဲ့ အနှစ်သာရများနှင့်အညီ ဆောင်ရွက်ကြပါလို့ ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး အတွင်းရှိ သမဝါယမအသင်းသားများသို့ ခရိုင်အလိုက် ပံ့ပိုးချေးငွေများ အသီးသီး ပေးအပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်၊ အသင်သားပေါင်း (၅၈၅၆)သင်း၊ အသင်းသားဦးရေ (၄၉၅၁၆၃)ဦးအတွက် ထုတ်ချေးငွေကျပ် (၉၃၉၆၀.၇၉)သန်း၊ အသင်းသား (၄၅၇)ဦးအတွက် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ချေးငွေကျပ် (၉၆၆.၂၅)သန်း၊ မျိုးစေ့ထုတ်လုပ်မည့် သမဝါယမအသင်း (၂)သင်း၊ အသင်းသား (၂၆)ဦးအတွက် မျိုးစေ့ထုတ်လုပ်ရေးချေးငွေကျပ် (၂၇.၉)သန်း၊ စုစုပေါင်းငွေကျပ် (၉၄၉၅၄.၉၄)သန်းအားလည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာ (၂၇)စီး၊ စုစုပေါင်းစက်ကိရိယာ အစီးရေ (၄၉)စီး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၈၉.၇၉)သန်းအား ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

21-Aug-2018