ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးဖွင့်ပွဲအခမ်းအနားအားတက်ရောက်ဖွင့်လှစ်

ပုသိမ် အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါမုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ဦးစွာ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ အောင်ဇေယျအားကစားခန်းမတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောက်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များပေးအပ်ခြင်း၊ ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုလာမီးများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိုးစပါးနွေစပါး (၅၂)သိန်းကျော်နှင့် ပဲမျိုးစုံ(၁၆)သိန်းကျော်အား စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့်အပြင် ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်စိုက်ပျိုးခြင်းဖြင့် စရိတ်ကုန်ကျမှုသက်သာစေပြီး တောင်သူများအတွက်များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ တောင်သူများထံမှစိုက်ပျိုးထွက်ရှိသော ပဲပုပ်များကိုဝယ်ယူရန်အတွက် ပဲပုပ်ဈေးကွက်ရှိပြီးဖြစ်ပါကြောင်း နှင့် ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်တောင်သူလယ်သမားနေ့ရောက်တိုင်း မိုးစပါးအပါအဝင် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ တောင်သူများနှင့် ဆွေးနွေးပွဲများပြုလုပ်၍ ရလာဒ်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပေါ်ဆန်းဖိုရမ်ပြုလုပ်၍လည်း ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်း ထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့်စပါးများ၏ Eating Qualityများ ကောင်းမွန်ရန်လိုပြီး အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေးအပေါ်မူတည်၍ စဉ်ဆက်မပြတ် အတန်းစဉ် ကူးပြောင်းရှိစေရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ မကြာခင်ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ် (၃၅၀)နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ပါကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များအား စိစစ်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို အလေးထား စောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေး အမြင်၊ အုပ်ချုပ်ရေးအမြင်များရှိသူများ၊ အမှန်တကယ် တိုင်းပြည်နှင့် ဒေသအကျိုးအတွက် ဆောင်ရွက်နိုင်သည့် ကိုယ်စားလှယ်လောင်းများ ဖြစ်ထွန်းလာစေရေး လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းများနှင့်အညီ ဖြစ်စေရေး စိစစ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီးသဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေး အားလုံးပူးပေါင်းဆောင်ရွက် ပေးကြရန်၊ တိုင်းဒေသကြီးအတွက် ဆီဖူလုံမှုရှိစေရေး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ” အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒေသဆိုင်ရာအချက်အလက်များ တင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောက်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များအား မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့မှ တောင်သူများထံသို့လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆီထွက်သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များအားမြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့မှ တောင်သူများထံသို့လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုလာမီးများကို တောင်သူများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

23-Oct-2025