ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်းဧရိယာအတွင်း နွေစပါးစိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး
ပုသိမ် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်းဧရိယာအတွင်း နွေစပါးစိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ အေးသာယာကျေးရွာအုပ်စုအတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် တူးဖော်ဆောင်ရွက်မည့် အေးသာယာ (၂)မြောင်းနေရာအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူက လုပ်ငန်းဆိုင်ရာအချက်အလက်များနှင့် နွေသီးထပ်အမီ စိုက်ပျိုးရေရရှိနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် အေးသာယာကျေးရွာအုပ်စုအတွင်း မိုးစပါးစိုက်ပျိုးအောင်မြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ၊ နွေသီးထပ် တိုးတက်စိုက်ပျိုးနိုင်မည့် အခြေအနေများ၊ ရေချိုပိုမိုရရှိလာနိုင်မည့် အခြေအနေများအပေါ် တိုးတက်စိုက်ပျိုးနိုင်စေရန် ဆွေးနွေးမှာကြားခဲ့သည်။ အေးသာယာ(၂)မြောင်းသည် အလျားပေ(၈၅၀၀)ရှိပြီး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ယခု နှစ်အတွင်း သီးထပ်ဧက(၁၅၀)ကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်သည်။ သပြေကန်သိမ်ကုန်းဧရိယာအတွင်း တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း(၂၈၀)ဖြင့် မြောင်း(၆) မြောင်း တူးဖော်ဆောင်ရွက် လျက်ရှိပြီး စုစုပေါင်းဧက(၈၅၀)ကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများလိုက်ပါလျက် ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသော ကျုံကဒွန်း-အမာကားလမ်း ဘေးယာမြောင်းတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူက လုပ်ငန်းဆိုင်ရာအချက်အလက်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တိုးတက် စိုက်ပျိုးလာနိုင်မည့်အခြေအနေများ၊ ကျုံကဒွန်း- အမာ(ယာမြောင်း) အလျားပေ(၁၀၀၀၀)အား ဆည်/ရေ ဌာန၏ စက်ယန္တရား (DA-016) Amphibious Excavator ဖြင့် (၇၅%)ကျော် ဆောင်ရွက်ပြီးစီပြီဖြစ်ရာ နွေသီးထပ်ဧက(၃၀၀)ကို စိုက်ပျိုးချိန်အမီ စိုက်ပျိုးရေပေး ဝေနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်သည် ကျုံကဒွန်းအမာဝဲမြောင်းတူးဖော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်/ရေ တာဝန်ရှိသူမှ လုပ်ငန်း (၁၀၀%)ဆောင်ရွက်ပြီးစီးခဲ့ခြင်းကြောင့် နွေသီးထပ်ရာသီအမီ စိုက်ပျိုးရေရရှိနိုင်မည့် အခြေအနေများ၊ ကျုံကဒွန်း-အမာ ဝဲမြောင်းသည် အလျား (၁၀၀၀၀)ပေ ရှိပြီး လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ယခုနှစ်အတွင်း သီးထပ်ဧက (၂၅၀)ကို တိုးချဲ့စိုက်ပျိုးလာနိုင်မှု၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မြောင်းတူးဖော်ခြင်းလုပ်ငန်း (၁၅)ခုတူးဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း(၈)ခုမှာ (၁၀၀%) ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်း(၁၅)ခုဆောင်ရွက်ခြင်းဖြင့် သီးထပ်ဧရိယာ (၂၁၅၀) ဧကကို ထပ်မံတိုးချဲ့စိုက်ပျိုးလာနိုင်မှု၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာသည် စီမံကိန်း လုပ်ငန်းများ မစတင်မီ အချိန်တွင်ဧက(၆၀၀၀) ဝန်းကျင်သာ အများဆုံးစိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုအခါ နွေသီးထပ်ဧက (၁၆၀၀၀)အထိ စိုက်ပျိုးလာနိုင်မှုနှင့် နှစ်အလိုက် တိုးတက်စိုက်ပျိုးလာမှု အခြေအနေများကို သီးနှံစိုက်ပျိုးမှုဆိုင်ရာညွှန်းကိန်း (Normalized Differece Vegetation Index) မြေပုံများဖြင့် ရှင်းလင်းတင်ပြခြင်း၊ မိုးစပါးဧက (၂၉၀၀၀)ကျော်ရှိရာ နွေသီးထပ်စိုက်ပျိုးမှုကိုလည်း ဧက(၂၉၀၀၀)ကျော် ရိုးပြတ်ကျန် ပပျောက်သည်အထိ စိုက်ပျိုး နိုင်ရန် ဆောင်ရွက်လျက်ရှိမှု အခြေအနေများရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ နွေစပါးစိုက်ပျိုးချိန်အမီ ဆောင်ရွက်စေရေးနှင့်အရည်အသွေးပြည့်မီစေရေးမှာကြားခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယသီးနှံစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိနိုင်ရေးဆောင်ရွက်ထားရှိမှု၊ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန်၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများကလည်း သီးထပ်စွမ်းအားပိုမိုတိုးတက်စိုက်ပျိုးစေရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ မိုးစပါးရာသီချိန်တွင် ရေကြီးမှုအားလျော့နိုင်ရေးဆောင်ရွက်စေလိုသည့် ဝါးချာင်းရေတံခါးပြုပြင်ပေးလိုမှုအပေါ် ရေထိန်းတံခါးနှင့် ရေနှုတ်အားကောင်းစေရန် ချောင်းမြောင်းကောများတူးဖော်နိုင်ရေးအသေးစိတ်ကွင်းဆင်းစစ်ဆေးတင်ပြရန် မှာကြားခဲ့ကြောင်းသိရသည်။