ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅−၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်‌ဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ်       အောက်တိုဘာ        ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်သည့် ၂၀၂၅−၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်‌ဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့တွင်ခရိုင်များအလိုက် ပြုလုပ်လျက်ရှိရာ ယခုလို အရည်အသွေးမြှင့်ဆွေးနွေးပွဲများကိုပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားရာတွင် ပိုမိုထိရောက်စေမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲသည် အခြေခံပညာမှ အဆင့်မြင့်ပညာကို ကူးပြောင်းသင်ကြားနိုင်ရေးအတွက် မလွဲမသွေဖြတ်ကျော်ရမည်ဖြစ်ပါကြောင်းနှင့် ထူးထူးချွန်ချွန်ဖြင့် အောင်မြင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများသည် သင်ကြားရေးတွင်သာမက နိုင်ငံတော်မှပေးအပ်သည့် တာဝန်များကိုလည်း ကျရာအခန်းကဏ္ဍမှ ဘက်စုံထောင့်စုံပါဝင်ကြိုးပမ်းဆောင်ရွက်နေကြသူများလည်းဖြစ်ပါကြောင်း၊ လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သည့်တပည့်များပေါ်ထွက်လာစေရေးအတွက် နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်ကြားရေးတွင် တိုးတက်လာသည့်နည်းပညာမြင့် သင်ကြားမှုများဖြင့် မိမိတို့၏ တပည့်များအား ပြန်လည်သင်ကြားနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားပြောကြားပြီး ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

၂၀၂၅−၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်‌ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ်ရှိ နည်းပြဆရာ၊ဆရာမ ၁၈၈ဦးမှ အခြေခံပညာအထက်တန်းအဆင့်သင် ဓါတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်သင် ဆရာ၊ဆရာမ ၁၈၁၅ဦးတို့ကို သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် ဆွေးနွေးပို့ချသွားမှာဖြစ်ကြောင်းသိရသည်။ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ (ပုသိမ်ဇုန်)၌ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ပုသိမ်ဇုန်)တွင် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့က ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရသည်။

18-Oct-2025