ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်ဇုန်ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
ပုသိမ် အောက်တိုဘာ ၁၈
၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်ဇုန်ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပုသိမ်တက္ကသိုလ်တွင် အားကစားပွဲများကျင်းပသည့်အခါတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက်ရောက်အားပေးချီးမြှင့်ခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တက္ကသိုလ်များ(ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲပြုလုပ်၍ လူရွေးချယ်ခြင်းများ၊ စခန်းသွင်းလေ့ကျင့်ခြင်းများကိုလည်း စနစ်တကျပြင်ဆင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အားကစားကဏ္ဍတွင် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာပြီး ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲတွင်လည်း တိုင်းဒေသကြီးမှ ဒုတိယနေရာတွင်ရပ်တည်နေပါကြောင်းနှင့် ရှေ့ဆက်အောင်မြင်မှုများရရှိရန် လူ့စွမ်းအားအရင်းအမြစ်များကို ပိုမိုမွေးထုတ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဇုန်အလိုက် တက္ကသိုလ်များကို စုပေါင်းပြီး ဇုန်ကြီး ၈ ဇုန်ခွဲကာ ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာတွင် ပုသိမ်ဇုန်အနေဖြင့် အစဉ်လာကောင်းများနှင့် ဆုများကို နှစ်စဉ်ရရှိထားခဲ့ပါကြောင်း၊ တက္ကသိုလ်ပေါင်းစုံ(ဇုန်အလိုက်)အမျိုးသား၊ အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲတွင် ပုသိမ်ဇုန်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ယခုပြိုင်ပွဲကတစ်ဆင့် တိုင်းဒေသကြီးအဆင့်၊ တိုင်းဒေသကြီးမှတစ်ဆင့် နိုင်ငံတော်အဆင့်ထိအောင် ဂုဏ်ဆောင်နိုင်ကြသည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်းနှင့် အောင်မြင်မှုများနှင့်အတူ ဧရာမြေကို ပြန်လာနိုင်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။