ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံတွင် မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေး
ပုသိမ် အောက်တိုဘာ ၁၇
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံတွင် မျက်စိခွဲစိတ်ကုသရန် လာရောက်သည့် မျက်စိဝေဒနာရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုအားပေးစကားများပြောကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်၊ ဒီပါရုံကျောင်းတိုက်ဆရာတော်နှင့် သီတာရုံကျောင်းတိုက်ဆရာတော်တို့အား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်အားသွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနမျက်စိအထူးကုဆရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနအေါက်ရှိပြည်သူ့ဆေးရံများမျက်စိအထူးကုဆရာဝန်ကြီးများက ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မျက်စိစမ်းသပ်ခွဲစိပ်ပေးနိုင်ရန်အတွက် မျက်စိဝေဒနာရှင်များအား စာရင်းရေးသွင်းခြင်းနေရာသို့သွားရောက်၍ မျက်စိစမ်းသပ်ပြသမည့်ပြည်သူများမှ စာရင်းလာရောက်ပေးသွင်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စာရင်းပေးသွင်းမှုအခြေအနေများ၊ သွားလာမှုအဆင်ပြေစေရေးအတွက်စီစဉ်ဆောင်ရွက်ပေးထားမှုများအားပြောကြားခဲ့သည်။ ထို့နောက် မျက်စိစမ်းသပ်ပြသမည့် ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးမည့်အစီအစဉ်များ၊ သွားလာရေးနှင့်နေထိုင်ရေးဆင်ပြေစေရေး ဆောင်ရွက်ထားရှိမှုများ၊ အာဟာရဒါန စားသောက်ဖွယ်ရာများ လှူဒါန်းပေးမည့်အခြေအနေများအား အားပေးပြောကြားခဲ့သည်။
ဆက်လက်၍ မျက်စိစမ်းသပ်ခန်းများ၊ မျက်စိခွဲစိတ်ကုသမည့်သူများစမ်းသပ်မည့်နေရာ၊ ကွန်ပျူတာဖြင့်မျက်စိစမ်းသပ်ခြင်းဆောင်ရွက်နေမှုများနှင့် လာရောက်ပြသသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ မျက်စိအထူးကုဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် မျက်စိစမ်းသပ်ပြသမည့်သူများနှင့်နောက်ပါအဖွဲ့များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုမှ နေ့လယ်စာ အာဟာရဒါန စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ကြသည်။ ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမျက်စိအထူးကုဆရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနလက်အေါက်ရှိပြည်သူ့ဆေးရုံများမှမျက်စိအထူးကုဆရာဝန်ကြီးများက အောက်တိုဘာလ (၁၇) ရက်နေ့မှ (၂၀)ရက်နေ့အထိမျက်စိစမ်းသပ်ခြင်းနှင့် (၂၁)ရက်နေ့မှ( ၂၆) ရက်နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ထမ်းများက ခေတ်မီစက်ကိရိယာများဖြင့်ခွဲစိပ်ကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ (ပုသိမ်ဇုန်)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ပုသိမ်ဇုန်)တွင် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့က ပါဝင်ယှဉ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။