ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၈ ခုနှစ်၊ (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၈.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် (၉)ဦးတို့ ကျဆုံးခဲ့တာ (၇၁)နှစ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ်မိန့်ကြားခဲ့သလို တစ်တိုင်းပြည်လုံး ကြီးပွားရန် လူအား ၊ ငွေအား၊ ပစ္စည်းအားနှင့် စုပေါင်းပြီး အင်တိုက်အားတိုက် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း၊ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း ကျွန်တော်တို့အတူ လျှောက်လှမ်းကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တက္ကသိုလ်/ကောလိပ် ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောင်းသားတစ်ဦးက ဆုရကဗျာကို ရွတ်ဆိုခြင်း၊ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ချစ်၍စွန့်ကြဲခြင်း ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ပုသိမ်တက္ကသိုလ်၊ သမိုင်းဌာနတွဲဘက်ပါမောက္ခမှ မြန်မာ့အာဇာနည်နှင့်သမိုင်းဝင် အထိမ်းအမှတ်များ ခေါင်းစဉ်ဖြင့် ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

21-Aug-2018