ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး
ပုသိမ် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက်အတွင်း ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေဝပ်ခြင်းများမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြုံနွယ်များ စနစ်တကျရှင်းလင်းစေရေး၊ အဆောက်အဦများရှိ ရေညှိများတိုက်ချွတ် စေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ် ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာ များတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများမှစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းကျေးရွာ၊ တောင်သူဒေါ်ခင်နှင်းဝေ၏ စိုက်ဧက(၇)ဧကတွင် ဆာဖိုးသာစပါးမျိုးအား မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ စပါးစိုက်ပျိုးမှု၊ တစ်ဧကအထွက်နှုန်း၊ စိုက်ပျိုးစရိတ်ကုန်ကျမှု အခြေအနေများမေးမြန်းခဲ့ပြီး တိုင်းဒေသကြီး၏ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်စပါးများရွေးချယ်စိုက်ပျိုးရေး၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်စွာစိုက်ပျိုးကြရမှာဖြစ်ပါ ကြောင်း၊ ကြဲခင်းများပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တောင်သူများကလည်း လိုက်ပါဆောင်ရွက်ကြရန်လိုပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် - ပုသိမ်လမ်း မိုင်တိုင် ( ၇၄/၅ မှ ၉၆/၅ = ၂၂မိုင် ဝ ဖာလုံ )၌ ကတ္တရာလမ်းချဲ့ခြင်း (၄.၅ ဖာလုံ )၊ ကတ္တရာလမ်းအနိမ့်အမြင့်ဖြေညှိခြင်း ( ၂.၅ )ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ( ၁ မိုင် ၂.၉၅ ဖာလုံ )တို့တွင် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာနစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပွင့်လင်းရာသီကိုရောက်ရှိလာပြီဖြစ်၍ ခရီးသွားရာသီစတင် တော့မည် ဖြစ်ရာ လမ်း/ တံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအင်အား၊ စက်အင်အားများဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အင်ပြည့်အားပြည့် ဆောင်ရွက်သွားရန်၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။