ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၇.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းသို့ တက်ရောက်ပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့် ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၅)ရပ်ချမှတ်ခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် (၁)လလျှင် (၁)ကြိမ်၊ ခရိုင်မြို့နယ်ကော်မတီများ အနေဖြင့် (၁)လလျှင် (၂)ကြိမ် အစည်းအဝေးများ ကျင်းပပြီး တင်ပြတိုင်ကြားလာသည့် အမှုတွဲများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်ကြားစာများအပေါ် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်တွင် ပြီးပြတ်အောင် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်းနှင့် ယနေ့ဆွေးနွေး ပို့ချမည့် ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်သည့် မူဝါဒ လုပ်ငန်းစဉ် (၅၂)ချက်ကို သေချာစွာ လေ့လာပြီး မြေသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဖြေရှင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး လုပ်ငန်းကျွမ်းကျင်မှုသင်တန်းသို့ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ (၃၂)ဦးနှင့် အတွင်းရေးမှူး (၃၂)ဦး၊ တောင်သူကိုယ်စားလှယ် (၂၇)ဦး၊ စုစုပေါင်း (၁၄၂)ဦး တက်ရောက်ခဲ့ပါသည်။

21-Aug-2018