ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်) တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံတော်အကြီးအကဲက မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေးအတွက် ရည်ရွယ်ပြီး အဆင့်မြင့်ရေကူးကန် တည်ဆောက်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ရာ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေမည့် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းများ ဖွင့်လှစ်ပေးနေခြင်းသည် အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု မြင့်မားလာစေခြင်းအပြင် အရေးကြုံက သက်လုံကောင်း စေရန်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် အခြေခံရေကူး နှင့် ဒိုင်ဗင်သင်တန်းကို တက်ရောက်ကြမည့် သင်တန်းသား ကျောင်းသား / ကျောင်းသူများ သည် သင်တန်းပြီးဆုံးသည့်အခါ ဆက်လက်ပြီးအရှိန်အဟုန် မပျက်လေ့ကျင့်သွားနိုင်ဖို့ ပုသိမ်မြို့ ၊ ကန်သုံးဆင့် ၊ အဆင့်မြင့် ရေကူးကန်တွင် Member ဝင် အနေဖြင့် လည်းကောင်း ၊ နေ့စဉ်သတ်မှတ်နှုန်းထားများဖြင့် လည်းကောင်း လာရောက်လေ့ကျင့် နိုင်ကြောင်း နှင့် နည်းပြဆရာများမှ ကျွမ်းကျင်သင်တန်းသား/သင်တန်းသူများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ညနေ ၄:၀၀ မှ ၆:၀၀ ထိ စနစ်တကျ သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းက ရရှိလာမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက် လေ့လာလိုက်စားရင်း တိုင်းဒေသကြီးဂုဏ်ဆောင်မှသည် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားကြရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား သင်တန်းနည်းပြများက တစ်ဦးချင်း မိတ်ဆက်တင်ပြခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး သင်တန်းနည်းပြများမှ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးနေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းကို ယခုလ (၁၀)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။