ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်
ပုသိမ် အောက်တိုဘာ ၈
၂၀၂၅ ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အသင်းအုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး U-25 အမျိုးသမီးဘောလုံးအသင်းမှ အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး အသင်းအုပ်ချုပ်သူများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအားရှင်းလင်း တင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲသည် ယခုနှစ်အားကစားရာသီ၏ နောက်ဆုံးအားကစားပြိုင်ပွဲဖြစ်ပါကြောင်း၊၂၀၂၅ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယခုအချိန်အထိ ပြိုင်ပွဲအသီးသီးမှ ရရှိခဲ့သောဆုတံဆိပ်များအရ မိမိတို့တိုင်းဒေသကြီးသည် ဒုတိယနေရာတွင်ရပ်တည်လျက်ရှိပြီး ဆက်လက်ထိန်းထားနိုင်ရေး ကြိုးစားယှဥ်ပြိုင်ကြရန်လိုကြောင်း၊ ၂၀၂၅ ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် များစွာအားသာချက်များလည်းရှိနေပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း အချိတ်အဆက်မိမိ အမှားအယွင်းနည်းပါးစွာ ကစားနိုင်ပါက အောင်မြင်မှုများရရှိမည်ဖြစ်ပါကြောင်းနှင့် တစ်ဖက်အသင်း၏ အားသာချက်၊ အားနည်းချက်များကို ကြည့်၍ အုပ်ချုပ်၊ နည်းပြများ၏ မှာကြားချက်များကိုလည်း အလေးထားဆောင်ရွက်သွားရန်လိုပါကြောင်း၊၂၀၂၅ ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲသည် နောက်ဆုံးအားကစားပြိုင်ပွဲဖြစ်ရာ အောင်နိုင်ရေးအတွက် ကြိုးစားလေ့ကျင့်နေကြသည်ကိုလည်း အသိအမှတ်ပြုကြောင်း၊ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရန်အတွက်လည်း အားကစားသမားများက အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီး U-25 အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။